ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနက ငါးအမျိုးမျိုးကို ဝန်ထမ်းများ သက်သာချောင်ချိစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းစည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှုကိုသွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ(MCC)၌ မြန်မာသီဟ ကုမ္ပဏီကလှူဒါန်းသည့် တန် ၂၀ Liquid Oxygen Tank အား တပ်ဆင်ရန် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အောက်ခံခုံနှင့် Filling Station များ တည်ဆောက်နေမှု၊ Oxygen Tank အား တန် ၃၀ ကရိန်း ယာဉ်နှင့် တန် ၁၀ ကရိန်းယာဉ်တို့ကို အသုံးပြု၍ ရွှေ့ပြောင်းနေရာချထားနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်