နေပြည်တော် ဩဂုတ် ၁၇
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
ယင်းသို့ပြင်ဆင် ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၉၇ ဦးနှင့် အမျိုးသမီး ၁၂၉ ဦး စုစုပေါင်း ၃၂၆ ဦးအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၄၅ ဦးနှင့် အမျိုးသမီး ၁၃၃ ဦး စုစုပေါင်း ၂၇၈ ဦး အားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၄၉ ဦး နှင့် အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၇၆ ဦးအား လည်းကောင်း အသီးသီးလက်ခံထား ရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်