Stay at Home နေတာကြာလာတာနဲ့အမျှ လူတွေက လမ်းပေါ်ပြန်ထွက်ချင်ပါတယ်။ ဒီလိုအခြေအနေမှာ စိတ်တော့မချရသေးပါဘူး။ ကူးစက်တာတွေက ရှိနေပါသေးတယ်။ အကြွင်းအကျန်တွေရှိရင် ဒီအကြွင်းအကျန်က ပြန်ပြီးပွားနိုင်ပါတယ် (ဒေါက်တာ သန်းနိုင်စိုး)
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၆ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်တွေ သတ်မှတ်ထားပါတယ်။ ဒီလိုအလုပ် ပိတ်ရက်တွေ သတ်မှတ်ထားမှုနဲ့အတူ ကိုဗစ် - ၁၉ ကူးစက်မှုအရေအတွက်ကလည်း တဖြည်းဖြည်း လျော့ကျလာနေပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလို ကိုဗစ်-၁၉ ကူးစက်မှုတွေ ဆက်လက် လျော့ကျအောင် မပျက်မကွက် လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ကိုဗစ်၁၉ တတိယလှိုင်းရဲ့ အခြေအနေနဲ့ နိုင်ငံတော်က ရုံးပိတ်ပေးထားတဲ့ အခြေအနေတွေရဲ့ ထိရောက်မှုတွေကို ကျွန်တော့်အနေနဲ့ ဆက်စပ်ပြီး ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။ ။
ဩဂုတ်လ ၁၃ ရက်ည ၈ နာရီအထိ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဩဂုတ်လ ၁၂ ရက် ည ၈ နာရီကနေ ဩဂုတ်လ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၀၂၁ ခုကို စစ်ဆေး ခဲ့ရာမှာ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာအသစ် ၃၄၅၆ ဦး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိနှုန်းအနေနဲ့ ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းပါ။ ဒါသည် ယခင်တွေ့ရှိ နှုန်းတွေထက် သိသိသာသာ ကျဆင်းလာပါတယ်။
ကျွန်တော့်အနေနဲ့ ရုံးပိတ်ရက်တွေရဲ့ သက်ရောက်မှုတွေကို မပြောကြားခင် ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတို့ရဲ့ တွေ့ရှိချက်တွေကို ဦးစွာတင်ပြလိုပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းကာလက ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကနေစတင်ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်အထိဖြစ်ပါတယ်။ စတင်ဖြစ်ပွားတဲ့နေရာက ရန်ကုန်မြို့ ဖြစ်ပါတယ်။ ပထမလှိုင်းအနေနဲ့ ကာလအားဖြင့် ၁၄၆ ရက် ကြာခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာဦးရေ ၃၇၄ ဦး၊ သေဆုံးသူဦးရေ၆ ဦးနဲ့ သေဆုံး မှုနှုန်း ၁ ဒသမ ၆ရာခိုင်နှုန်းရှိတဲ့အတွက် ကျွန်တော်တို့ ကိုဗစ်ရောဂါ သိပ်မထိခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။
ဒုတိယလှိုင်းက ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက်ကနေ ၂၀၂၁ ခုနှစ်မေလ ၂၆ ရက်အထိ ဖြစ်ပွားခဲ့ပြီး ကာလအားဖြင့် ၂၈၄ရက် ကြာမြင့်ခဲ့ပါတယ်။ စတင်ဖြစ်ပွားတဲ့နေရာက ရခိုင်ပြည်နယ် စစ်တွေ မြို့ဖြစ်ပြီး ဓာတ်ခွဲအတည်ပြု လူနာဦးရေ ၁၄၂၉၄၄ ဦး၊ သေဆုံးသူ ဦးရေ ၃၂၁ဝ နဲ့သေဆုံးမှုနှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်းရှိ ပါတယ်။ အဲဒီအချိန်ကတည်းက ကိုဗစ်ရောဂါပိုး ဗီဇမျိုးပြောင်းတာက ပိုပြီးမြန်လာ တယ်။ 614 D ကနေ 614G ကို ပြောင်းတဲ့အတွက် ကူးစက်မှုနှုန်း ပိုမြန်လာပေမယ့် ယခုတွေ့နေရတဲ့ ရောဂါပိုးမျိုးကွဲနှင့်စာရင် ရောဂါပြင်းထန်မှုက သက်သာခဲ့သေးတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကလည်း အတော်ခံခဲ့ရပြီး အသက်ပေါင်း ၃၂၁၀ ဆုံးရှုံးခဲ့ရပါတယ်။
ဒီကြားထဲမှာ D614G ထက်ပိုပြီး ကူးစက်မှုနှုန်းလည်း မြန်တယ်၊ ရောဂါဖြစ်ပွားမှု ပြင်းထန်တဲ့ ကိုဗစ်ရောဂါပိုးမျိုးကွဲတွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်ထွက်လာပါတယ်။ ဒါကိုတတိယလှိုင်းမှာ ခံစား ရပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကနေ ဩဂုတ် လ၁၂ရက်အထိ တတိယလှိုင်း ဖြစ်ပွားနေတဲ့ကာလ ၇၈ ရက်ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။ တတိယလှိုင်း စတင်ခဲ့တဲ့ နေရာက ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာ စတွေ့ပါတယ်။ တတိယလှိုင်း ဖြစ်ပွား နေတဲ့ကာလ ၇၈ ရက် (ဩဂုတ်လ ၁၂ ရက်)အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁၄၁၂ ဦးနဲ့ သေဆုံးသူဦးရေ ၉၄၅၁ ဦးရှိပါတယ်။ သေဆုံးမှု နှုန်းအနေနဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ ဒါက ကိုဗစ်ရောဂါပိုးမျိုးကွဲရဲ့ ရောဂါဖြစ်ပွားမှု ပြင်းထန်ခြင်းနဲ့ ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ခြင်းတို့ကြောင့် အသက်အရွယ်ကြီးရင့် သူတွေနဲ့ ရောဂါအခံ ရှိတဲ့သူတွေ ဆက်တိုက်ရောဂါ ကူးစက်ခံရတာတွေကနေ သေဆုံးမှုမြင့်မားစေမှုကို အဓိကအနေနဲ့ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ဖြစ်ပွားခဲ့မှုကို ပေါင်းကြည့်ပါက ဓာတ်ခွဲအတည်ပြု လူနာ ၃၄၄၇၃၀၊ သေဆုံးသူဦးရေ ၁၂၆၆၇ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းအနေနဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပါ တယ်။ ဒါက ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်း တစ်ခုတည်းကို ကြည့်ပါက တတိယလှိုင်း စတင်ဖြစ်ပွားရာ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့ကပြန်စပြီး ကြည့်ရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် က ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၇၈၈ ဦးမှာ ဓာတ်ခွဲ အတည်ပြုလူနာ ၉၆ ဦးကနေ တဖြည်းဖြည်း အရှိန်အဟုန်နဲ့ တက်လာပါတယ်။ ဇူလိုင်လ ၁၄ ရက် တစ်ရက်တည်းမှာ ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၇၀၈၃ ဦး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ၄၀ ဒသမ၈၂ ရာခိုင်နှုန်းကို ဇူလိုင် လ ၂၃ ရက်က တွေ့ရှိခဲ့ပါတယ်။ ဒီလို အမြင့်ဆုံး တွေ့ရှိမှုတွေ ကနေ ဆက်လက်ပြီး ဩဂုတ်လ ၁၂ ရက်အထိရရှိခဲ့တဲ့ အချက်အလက်တွေကို ပြန်ကြည့် ပါကဩဂုတ်လ ၁၂ ရက်မှာ ဓာတ်ခွဲ စစ်ဆေးသူပေါင်း ၁၃၀၂၁ ဦးရှိပါတယ်။ ဒီလို ဓာတ်ခွဲ စစ်ဆေးသူ တစ်သောင်းခွဲဝန်းကျင်ကို ပုံမှန်စစ်ဆေးနိုင်တဲ့ ကာလမှာ ဓာတ်ခွဲအတည်ပြုလူနာ ၃၄၅၆ ဦးဖြစ်တဲ့ အတွက် အမြင့်ဆုံးတက်ခဲ့တဲ့ အနေအထားထက် တစ်ဝက်အောက် လျော့လာတာကို တွေ့ရပါတယ်။ ရောဂါပိုး တွေ့ရှိမှုနှုန်းကလည်း ၄ဝ ဒသမ ၈၂ရာခိုင် နှုန်းကနေ ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ကျလာတဲ့အတွက် ပိုးတွေ့ရှိနှုန်း သိသိသာသာကျလာပါတယ်။
ဒီကပ်ရောဂါ ဖြစ်ပွားမှုဖော်ပြတဲ့ ဂရပ်ဖ်ကို Epidemic Curve လို့ခေါ်ပါတယ်။ ဒီဂရပ်ဖ်ကြီးကို ပြန်ကြည့်တဲ့အခါ ရောဂါတက်တာနှင့်အမျှ တက်လာတဲ့အပိုင်းက ဆက်တိုက်ထောင်တက်ပါ တယ်။ ရောဂါရဲ့ သဘောအရ ကူးစက်မှုနှုန်းက တစ်ဦးကနေ ၅ ဦးကနေ ၈ ဦး၊ ၉ ဒသမ ၅ ဦး အထိ ဆပွားပြီး ဆက်တိုက်ကူးစက်သွားရမယ့် အနေအထားဖြစ်ပါတယ်။ ဒီလိုဆပွားကူးစက် နိုင်တဲ့ အနေအထားမှာ ဂရပ်ဖ်က ဆက်တိုက်ထောင်ပြီး တက်မသွားဘဲ စပြီး ပြားလာတာကို တွေ့ရတဲ့ အနေအထားပါ။ဒီလိုကူးစက်မှုနှုန်းကျအောင်ဆောင် ရွက်တာကို နိုင်ငံတကာမှာလည်း ကူးစက်မှုနှုန်းကို နှေးကွေးအောင်လုပ်တယ်(Slow the Spread)၊ ဂရပ်ဖ်ကြီးကို ပြားအောင် လုပ်တယ် (Flattening the Curve) လို့ တင်စားပြီး ပြောကြပါတယ်။
ကူးစက်မှုနှုန်းကျတာက နိုင်ငံတော်ကလည်း ရုံးပိတ်ရက်ရှည်တွေ ကြေညာပေးတယ်။ ဒီလိုကြေညာ ပေးတာကလည်း တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုတွေ လျော့ကျပြီး ကူးစက်မှုတွေ လျော့ပါးဖို့အတွက် နိုင်ငံတော်ကလည်း စေတနာနဲ့ ကျွန်တော်တို့ကို ထုတ်ပြန်ကြေညာပေးတာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပြည်သူတွေအပိုင်းက လိုက်နာမှု က အားကောင်းတာကို တွေ့ရပါတယ်။ မြို့ကြီး တွေမှာလည်း လမ်းမပေါ်တွေမှာ လူတွေတော်တော် ရှင်းသွားတယ်။ ရုံးတွေ၊ ကျောင်းတွေမှာလည်း ထိစပ်မှုတွေ နည်းပါးတဲ့အတွက် ရောဂါကူးစက်မှုက ဆပွား၊ ဆပွား မကူးစက်နိုင်တော့ဘဲ ကူးစက်မှု တွေ လျော့ပါးလာတဲ့ သဘောဖြစ်ပါတယ်။ ။ ဒါကြောင့် ခုနကပြောသလို ဂရပ်ဖ်က ဆက်တိုက်ထောင်တက်မယ့်ဟာက တဖြည်းဖြည်း ပြားလာပြီး ယခုဆိုရင်အကျဘက်ကို ဦးတည်လာတဲ့ သဘော တွေ့ရှိရတယ်။ ဒါက အလွန်ကောင်းပြီး ဒီဘက်က ဆောင်ရွက်ပေးတဲ့သူတွေနဲ့ ပူးပေါင်းပါဝင် ပေးတဲ့သူတွေ အားလုံးကို ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့အထူး လေးစားကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ ကျွန်တော်ပြောကြားလိုပါတယ်။
ဆက်လက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ဖြစ်ပွားမှုကို ပြန်ကြည့်ရင် ဥပမာ - ရန်ကုန် တိုင်းဒေသကြီးဆို ရုံးပိတ်ရက်ရှည် သတ်မှတ်ပြီး ပထမအပတ်မှာ ကိန်းဂဏန်းအရ ၂၀ ရာခိုင်နှုန်း ကျော်ကျော် စပြီးကျလာပါတယ်။
ဒုတိယအပတ်မှာ ၄၀ ရာခိုင်နှုန်းကျော် ကျလာတယ်။ တတိယအပတ်မှာ တစ်ဝက်ထက်ပိုပြီး ကိန်းဂဏန်းအရ ရန်ကုန်တိုင်းဒေသကြီး မှာ ကျလာတာကို တွေ့ရတယ်။ ဒီလိုဆက်ပြီးကျနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်၊ ကရင်၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ မကွေး၊ ကချင် အဲဒီတိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်းခုနကပြောသလိုရောဂါဖြစ်ပွားမှုက တဖြည်းဖြည်းနဲ့ အကျဘက်ကို ရောက်လာတာ တွေ့ရတယ်။ တန်းနေတဲ့ နေရာတွေ ကျန်နေပါသေးတယ်။ တန်းနေတဲ့ နေရာတွေက ဘယ်နေရာကျန်သလဲဆိုရင် ဥပမာ - ရှမ်းပြည်နယ် ကျန်တယ်၊ နောက်ပြီး ချင်းပြည်နယ် ကျန်တယ်။ ဒီမှာ ထူးထူးခြားခြား ရုံးပိတ်ရက်ရှည် ၃ ပတ် ပိတ်ပြီးတာတောင် နည်းနည်းလေး ပြန်တက်ချင်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလည်း ရှိပါတယ်။
ဒါက အထူးသတိထားရမယ့် နေရာတွေပါ။ ခုနက အများစုက ကျလာတယ်ဆိုပေမယ့် ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်သုံးခုမှာအတက်ဘက်ကို နည်းနည်းပြန်ဦးတည်နေတာကို တွေ့ရပါ တယ်။ ဒါက အဲဒီနေရာတွေမှာ အထူးသတိထားပြီး လိုက်နာဖို့၊ ကိုဗစ်စည်းမျဉ်း စည်းကမ်း တွေနဲ့အညီ ဆောင်ရွက်ဖို့၊ ထိတွေ့မှုတွေနည်းပါးဖို့ လက်တွဲပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ရမယ့် ဟာတွေ ဖြစ်ပါတယ်။ ။
ဒီနေရာမှာ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့က ရုံးပိတ် ရက်ရှည်သုံးပတ်ရှိတာတောင် မကျဘဲ အတက်ဘက်ကို နည်းနည်းပြန်ဦးတည်နေတာကို တွေ့ရပါတယ်။ ကျန်းမာရေးစနစ်ရဲ့ စာရင်းဇယားကောက်ယူ မှုသဘောတရားအရ စစ်ဆေးတဲ့ အပေါ်မှာ မူတည်ပြီး မြို့နယ်တိုင်းက ပို့လာတဲ့စာရင်းဇယားတွေကို ပေါင်းပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရေခဲတောင်ကြီးတစ်ခုလုံးကို မြင်နိုင်ဖို့က တော့မလွယ်ပါဘူး။ ရေခဲတောင်ရဲ့ ထိပ်ဖျားကို တော့မြင်ရပါတယ်။ သတင်းပို့ယူနစ် (Number of Reporting Unit)m op:ecpolosuSuc402630 အနှံ့ကနေ စစ်ဆေးတဲ့ ပိုးတွေ့ရှိတဲ့ Data တွေကို မြို့နယ်တွေက တစ်ပြိုင်တည်းပို့လာပြီး ဒီစနစ်ထဲကို ရောက်ပါတယ်။ စနစ်အနေနဲ့ နေရာအနှံ့က ပိုးစစ် ပေးနိုင်သလောက် ပမာဏမှာ ပိုးတွေ့ရှိရပါတယ်။ ဒါတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားပိုင်း ကိုသာ မြင်ရခြင်းဖြစ်ပေမယ့် သူ့ရဲ့အတက်အကျကို ခန့်မှန်းလို့ ရနေပါတယ်။ ဒါက လက်ရှိ ကျန်းမာရေးသတင်းပို့ စနစ်ရဲ့ အားသာချက်ဖြစ်ပါတယ်။
ဒီစနစ်ကနေ စောင့်ကြည့်တဲ့အခါ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် အများစုက တဖြည်းဖြည်း ကျလာပါတယ်။ ကျလာပေမယ့် ကြိုးစားရပါဦးမယ်။
အောက်ဘက်ကို တဖြည်းဖြည်းဆင်းလာတဲ့ အနေအထားဖြစ်ပေမယ့် အောက်ဆုံးကို မရောက်သေးပါဘူး။ နည်းနည်းပြန်တက်တဲ့ နေရာတွေ ရှိပါတယ်။ ဒါကတော့ ခုနတင်ပြခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်သုံးခုဖြစ်ပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီအလိုက် ပြန်ကြည့်ရင် တက်နေတဲ့ မြို့နယ်တွေရှိပေမယ့် ကျတဲ့မြို့နယ်တွေ ရှိပါတယ်။ ကျတဲ့မြို့ နယ်တွေများပြီး တက်တဲ့မြို့နယ်တွေ နည်းအောင် လုပ်ရပါမယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအနေနဲ့ သူ့မှာရှိတဲ့ မြို့နယ်တွေ အားလုံးက အကျဘက်ကို ဆင်းသွားရင် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလုံးအနေနဲ့ ပြန်ပေါင်းလိုက်ရင် ကျတဲ့ဘက်ကို ရောက်သွားပါတယ်။
ပြန်ကြည့်လိုက်တဲ့အခါ မန္တလေးတိုင်းဒေသကြီးရဲ့ လက်တလော တက်နေတဲ့မြို့နယ်တွေအနေ နဲ့ နွားထိုးကြီး၊ သပိတ်ကျင်းနဲ့ စဉ့်ကူးသုံးမြို့နယ်က တက်တာများနေတာကိုတွေ့ရပါတယ်။ အထူးသတိထားပြီး ထိတွေ့မှုတွေ နည်းပါးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရောဂါ ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေးတွေမှာ အားစိုက်ရမယ့် နေရာတွေ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ထားဝယ်၊ မြိတ်နဲ့ လောင်းလုံးသုံးမြို့နယ်က တက်နေသေး တယ်။ ကယားပြည်နယ်အနေနဲ့ ရာခိုင်နှုန်းအားဖြင့် တက်ပါတယ်။ လူဦးရေအရ တက်တဲ့ လူနည်းပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော တစ်ဦးဖြစ်ပွားရင် ဆက်တိုက် ကူးစက်ပြန့်ပွား နိုင်တဲ့ အန္တရာယ်က လည်းရှိတော့ အထူးသတိထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တက်တဲ့ နေရာတွေက လွိုင်ကော်၊ ဖားဆောင်းနဲ့ ဘော်လခဲတို့ဖြစ်ပါတယ်။ အများအားဖြင့် တစ်နိုင်ငံလုံး အနေနဲ့ ခြုံငုံကြည့်လိုက်ရင် ရောဂါအခြေပြဂရပ်ဖ်က တက်နေရာကနေ အောက်ကို နည်းနည်း ဆင်းလာပါပြီ။ ပြောရရင် အခြေ အနေက ကောင်းလာပါပြီ။ ဒါပေမယ့် တက်တဲ့ နေရာတွေ ဆက်ပြီးမတက်တော့မှ အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်။ တတိယလှိုင်းကို ကျော်ဖြတ် နိုင်မယ့် အနေအထားဖြစ်ပါတယ်။ ။
ကျွန်တော်တို့အားလုံး သတိ၊ ဝီရိယနဲ့ ဆက်လက်တောင့်ခံပြီး အတူတူကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ လူတွေရဲ့ လှုပ်ရှားသွားလာမှု အနေ အထားကို ပြန်ပြီးကြည့်လိုက်ရင် နောက်ပိုင်း ရုံးပိတ်ရက်တတိယအပတ်ကပထမအပတ်လောက် လမ်းတွေပေါ်မှာ လူသိပ်မရှင်းတာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ Stay at Home နေတာကြာလာ တာနဲ့ အမျှလူတွေက လမ်းပေါ်ပြန်ထွက်ချင်ပါတယ်။ ဒီလိုအခြေအနေမှာ စိတ်တော့မချ ရသေးပါဘူး။ ကူးစက်တာတွေက ရှိနေပါသေးတယ်။ အကြွင်းအကျန်တွေရှိရင် ဒီအကြွင်းအကျန် က ပြန်ပြီးပွားနိုင်ပါတယ်။
ဒီတော့ Stay at Home ဒေသတွေမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ကာကွယ်ရေး နည်းလမ်းတွေကို အထူးသတိထားပြီး ဆက်ပြီးဆောင်ရွက်ပေးကြပါဦး၊ အဓိကတော့ တတ်နိုင်သမျှ အိမ်မှာနေပါ။ အပြင်ထွက်ရင် Mask တပ်ပါ။ လက်ဆေးပါ။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း သတင်းထုတ်ပြန်တဲ့ ပုံစံကိုပြောင်းထားပါတယ်။ ပြောင်းရတဲ့ ရည်ရွယ်ချက်က ကာကွယ်ရေး နည်းလမ်းတွေကို ပိုပြီးလိုက်နာစေချင်တယ်။ တစ်ဦး တစ်ယောက်ချင်း ကာကွယ်လိုက်ရင် ဒီရောဂါကွင်းဆက်က ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ ဒိုမီနိုကစားသလိုပါ။ ဒိုးဇက်လို အပြားလေး တွေကို ထောင်ထားတယ်။ အကုန်လုံးကို လဲချင် တယ်ဆိုရင် ထိပ်ဆုံးတစ်ခုကို လဲလိုက်ရင် အကုန်လုံးလဲသွားပြီ။ အခု ၁ဝဝ ရှိရင် ၁ဝဝ လဲမယ်။ ၁၀၀၀ ရှိရင် ၁၀၀၀ လဲမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအထဲက တစ်ခုခုကို ဘေးထုတ် ထားလိုက်ရင် ဒါမှမဟုတ် တစ်ခုကို မလဲနိုင်အောင် တောင့်တောင့် တင်းတင်းနဲ့ ကာကွယ်ထားလိုက်ရင် ဟိုဘက်က လဲလာတာက ဒီနေရာမှာ ရပ်သွားပါ မယ်။ ပထမ နှစ်ခုလောက်မှာ မလဲအောင် သေချာကော်နဲ့ကပ်ပြီး ထောင်ထားရင်၊ ရှေ့ကတစ်ခု လဲပေမယ့် နောက်ကဟာတွေက မလဲတော့ဘူး။ တစ်နည်းအားဖြင့် ဒီတစ်ယောက် က ကာကွယ်ထား လိုက်မယ်ဆိုရင် ဆက်တိုက်ရောဂါကွင်းဆက်ဖြစ်ပြီး ကူးစက်သွားမှာကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကာကွယ်ရေးနည်းလမ်းက အလွန် ထိရောက်တယ်။ ထိစပ်မှုနည်းတာ၊ ထိတွေ့မှု နည်းပြီး ရောဂါမကူးနိုင်တာနဲ့အမျှ ကာကွယ်မှု ဖြစ်စဉ်မှာ နောက်မှာရှိတဲ့သူတွေ၊ ဒါမှမဟုတ် ဒီအသိုင်းအဝန်းတစ်ခုလုံး ရောဂါမှကင်းဝေး ခြင်းခံစားရမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အိမ်ထဲမှာနေပါ။ နေအိမ်ပြင်ပကို သွားရောက်ဖို့ရှိပါက ပါးစပ်နဲ့နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ စနစ်တကျ တပ်ဆင်ဖို့ကလည်း အရေးကြီး ပါတယ်။
နေပြည်တော်မှာလည်း တွေ့နေရပါတယ်။ Mask တော့ တပ်ထားတယ်။ မေးကိုချိတ်ထား တယ်။ Mask ကို မေးစေ့မှာ ချိတ်ထားရင် ပါးစပ်နဲ့ နှာခေါင်းကို ရောဂါပိုးဝင်ရောက်မယ့် နေရာတွေကို အကာအကွယ် မပေးနိုင်တော့ဘူး။ မေးအောက်မှာ ဗိုင်းရပ်စ်က မတော်တဆ ကပ်နေခဲ့ရင် မေးကိုချိတ်လိုက်ရင် Mask ရဲ့ အတွင်းမျက်နှာပြင်က မေးအောက်ကို သွားပြီး ကပ်မိမယ်။ Mask တပ်ဖို့ သတိရလို့ Mask ကို ပြန်တပ်လိုက်တဲ့အခါ Mask ရဲ့အတွင်း မျက်နှာပြင်က ဗိုင်းရပ်စ်ကို ရှူသွင်း မိလိုက်တဲ့အဖြစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ Mask ကို မေးစေ့မှာ ချိတ်တာကိုတော့ ရှောင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေရာမှာတင်ပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက အားလုံးသိတဲ့အတိုင်းပါပဲ လက်ကိုစနစ်တကျ၊ မကြာခဏ စက္ကန့် ၂၀ ကြာ အောင် ဆပ်ပြာနဲ့ရေ ဒါမှမဟုတ် Hand Gel လက်သန့်ဆေးရည်ကို အသုံးပြုပြီးဆေးဖို့ လိုပါ တယ်။ လက်မှာ ဗိုင်းရပ်စ်ကပ်နေရင် မတော်တဆ နှာခေါင်း၊ ပါးစပ်ကို ကိုင်မိတဲ့အခါ ဝင်သွားမှာစိုးတဲ့ အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော် ပြီးခဲ့တဲ့တစ်ပတ်က တင်ပြခဲ့တယ်။ မိမိတို့နေအိမ် မှာအသက်၆၀နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့် သူ၊ ဆီးချို၊ နှလုံး၊ သွေးတိုး စတဲ့ နာတာရှည် ရောဂါ အခံရှိတယ်ဆိုရင် ဒီလိုလူတွေဟာ Mask ကို အိမ်မှာ နေရင်းနဲ့တောင် တပ်ထားဖို့လိုပါတယ်။ လေဝင် လေထွက်ကောင်းတဲ့နေရာမှာ နေဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မည်သူမှာ ပိုးရှိမှန်း မသိနိုင်ဘူး။ အိမ်မှာ အပြင်ထွက်တဲ့သူ တစ်ယောက် ရှိရင် သူ့ဆီကပိုးပါလာရင် အသက်အရွယ်ကြီးရင့်တဲ့သူတွေက ပိုပြီးခံစားရလို့ဖြစ်ပါတယ်။
နောက်တစ်ခုက ကာကွယ်ဆေးထိုးလုပ်ငန်း တွေကို နိုင်ငံတော်က အထူးအားပေးပြီး စနစ်တကျ တုံ့ပြန်ရေးကော်မတီအဆင့်ဆင့်ကနေ ဆောင်ရွက် နေပါတယ်။ ဒီနေရာမှာ အားလုံးပါဝင် ပူးပေါင်းပေး ကြဖို့လိုပါတယ်။ နောက်ထပ် လိုက်နာမှုအားနည်းတဲ့ နေရာတွေကဈေးတွေ၊ ဈေးရောင်း/ဈေးဝယ်တဲ့ နေရာတွေမှာ တွေ့လာရပါတယ်။ အစပိုင်း ကူးစက်မှုတွေများတဲ့ အချိန်တုန်းက ဈေးရောင်းတာနဲ့ ဈေးဝယ်တဲ့နေရာမှာ Maskကို သေချာတပ်ပါတယ်။ လိုက်နာကြပါတယ်။ နောက်ပိုင်း ရုံးပိတ်ရက်ကာလတွေ၊ Stay at Home ကာလတွေ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ ဈေးတွေမှာ နည်းနည်း အားနည်းလာတာကို တွေ့ရပါတယ်။ ဈေးတွေက ကူးစက်နိုင်ခြေ အလွန်မြင့်မားတဲ့နေရာဖြစ်တယ်။
ဒီလိုနေရာတွေမှာလည်း စည်းကမ်းတကျ ကာကွယ်ကြဖို့၊ ဈေးရောင်းတဲ့သူက ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရင် အိမ်မှာရှိတဲ့ မိသားစုကို ကာကွယ်ရာရောက်တယ်။ ကိုယ့်ဆီဈေးလာဝယ်တဲ့ သူတွေကိုလည်း ကာကွယ်ရာကျပါတယ်။ ဒီလိုပဲ ဈေးလာဝယ်တဲ့သူကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ထားရင် ကိုယ့်မိသားစုကို အကာအကွယ်ပေးသလို တစ်ဖက်က ဈေးရောင်းတဲ့ သူကိုလည်း အကာအကွယ် ပေးပါတယ်။ နှစ်ဦးနှစ်ဖက် ဒီလိုစနစ်တကျ လိုက်နာဖို့ ကာကွယ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဈေးသာမက အခြားလူစုလူဝေး ဖြစ်နိုင်တဲ့ လုပ်ငန်း နေရာမျိုးတွေမှာ အထူးလိုက်နာ ပေးဖို့ လိုပါတယ်။
တင်ပြချက်အားလုံးကို ခြုံငုံပြီး ပြန်လည်တင်ပြရရင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှု အရေအတွက်အားဖြင့်၊ ရာခိုင်နှုန်းအားဖြင့် ကျဆင်းလာတဲ့ဘက်ကို စတင်ပြီး ရောက်ရှိလာတဲ့ သဘော ဖြစ်ပါတယ်။ ရုံးပိတ်ရက် သတ်မှတ်ပေးကြတဲ့ ရုံးပိတ်ရက်မှာ ပါဝင်ပြီး အိမ်မှာ နေပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လျော့လို့မရသေးပါဘူး။ ပေါ့လို့မရသေးပါဘူး။ ဒီရောဂါကြီးက အင်မတန်ဆိုးပါတယ်။ ကူးစက်မှုနှုန်းကလည်း မြန်တယ်။ မျက်စိနဲ့လည်း မမြင်ရဘူး။ အသက်ရှူလိုက်တိုင်း အန္တရာယ်ရှိနိုင်တဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါကို မြန်မြန် ကျွန်တော်တို့ အသိုင်းအဝန်းက မောင်းထုတ်ဖို့က အားလုံးကိုယ်စီ ကာကွယ်ထားလိုက်မယ်ဆိုရင် ဖြစ်ပွားတဲ့နေရာ မှာတင် ရပ်တန့်ပြီး ငြိမ်းသွားပါမယ်။
ကျွန်တော်တို့အားလုံး မျှော်လင့်ချက်ကို မြင်ရပါပြီ။ ပန်းတိုင်ကို မြင်ရပြီဖြစ်တဲ့အတွက် နိုင်ငံတော်က ထုတ်ပြန်တဲ့ ရုံးပိတ်ရက် စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ၊ Stay at Home စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ မိမိကိုယ်ကို စတင်ကာကွယ်ပြီး တစ်ဦးချင်းလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆက်လက်တောင့်ခံပြီး နေထိုင်ပေးကြပါဦးလို့ ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ပြီးတော့ အတူတကွ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့်သာလျှင် ဒီရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်မှာဖြစ်တဲ့အတွက် ကာကွယ်တဲ့နေရာ၊ ကုသတဲ့နေရာ၊ ထိန်းချုပ်တဲ့နေရာတွေမှာ အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာ ကနေ အနူးအညွှတ်တောင်းပန်ပြောကြား လိုပါတယ်။
အစီအစဉ်မှူး ။ ။ ဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း သိပါရစေ။
ဒေါက်တာသန်းနိုင်စိုး ။ ။ ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိကို သံသယရှိတဲ့ သူတွေက ကျန်းမာရေး ဝန်ကြီးဌာနကနေ တရားဝင် ဖွင့်လှစ်ထားတဲ့ စစ်ဆေးတဲ့နေရာတွေ၊ ဒေသန္တရကျန်းမာရေး ဌာနတွေကို မလာဘဲ အိမ်မှာတင် Test Kit နဲ့စစ်ကြပါတယ်။ အချို့က တရားဝင်သတ်မှတ် ထားတဲ့နေရာတွေမဟုတ်ဘဲ အပြင်စစ်ပေးတဲ့ နေရာတွေမှာ စစ်ကြပါတယ်။ စစ်လို့တွေ့ပြီဆိုရင် လည်း ကျန်းမာရေးစနစ်ထဲကို သတင်းမပို့ပါဘူး။ ဆေးရုံဆေးခန်းကိုလည်း မလာပါဘူး။ အိမ်မှာပဲနေတယ်။ ဒါမျိုးကလည်း ဒီရောဂါကို အမြစ်ဖြတ်တဲ့နေရာမှာ ရှောင်ကြဉ်သင့်တဲ့ အကြောင်းကိုလည်း တင်ပြလိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ပိုးတွေ့ သူတစ်ယောက်က အိမ်မှာနေလိုက်မယ်ဆိုရင် “ဒယ်လ်တာ' မျိုးကွဲရဲ့ ကူးစက်မှုနှုန်းအရ ဆက်တိုက် ဆက်တိုက် အိမ်မှာ ရှိတဲ့လူတွေကို ကူးစက်သွားနိုင်မှာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်တဲ့သူ၊ ရောဂါအခံရှိသူတွေ ကူးစက်ရင် အန္တရာယ်ရှိပါတယ်။ “ဒီအကြောင်းရင်းကို ပြန်လေ့လာတဲ့အခါ ပိုးတွေ့သူတစ်ယောက်က ဘာကြောင့် ကျန်းမာရေး ဌာနကို သတင်းမပို့တာလဲဆိုရင် သူက ဆေးရုံ၊ ဆေးခန်းမှာ သွားနေရမှာစိုးတယ်။ တစ်ယောက် တည်း သီးခြားခွဲနေရမှာစိုးတယ်။ ထိစပ်တဲ့သူတွေကလည်း ကွာရန်တင်းနေရမှာ စိုးတယ်။ ဒါကြောင့် သတင်းမပို့ဘူးဆိုတာကို သိရှိရပါတယ်။
အဓိက အိမ်မှာနေရင် အိမ်မှာရှိတဲ့လူတွေကို ကူးနိုင်ပါတယ်။ ဒီတော့ အိမ်ကလူတွေ မကူးစက်အောင်၊ ရောဂါကွင်းဆက်ဖြတ်တောက်ရာမှာ အကူအညီပေးနိုင်ဖို့ Community Based COVID-19 Positive Center ပြည်သူလူထုအခြေပြု ကိုဗစ်- ၁၉ ကုသရေးစင်တာ တွေမှာ သွားနေဖို့လိုပါတယ်။ အိမ်နဲ့မတူပေမယ့်လည်း သည်းခံပြီး ခဏနေပေးလိုက်ရင် ကိုယ်နဲ့ အတူတူနေတဲ့ မိသားစုဝင်တွေအတွက် ကူးစက်မှုအန္တရာယ်က ကင်းဝေးသွားပါမယ်။ ကိုယ့်အတွက်လည်း ဥပမာ- အောက်ဆီဂျင်ကျလို့ ရှူရမယ်ဆိုရင်လည်း ချက်ချင်းရနိုင်မယ်။ ပိုးတွေ့ရှိထားတဲ့သူတွေနဲ့ ထိတွေ့မှုရှိထားသူတွေအနေနဲ့ ကွာရန်တင်းစင်တာမှာ သွားနေရ တယ်ဆိုရင်၊ ဟိုတယ်ကွာရန်တင်း နေရတယ်ဆိုရင်တောင် ကိုယ့်အိမ်လောက် ဘယ်ပြည့်စုံမလဲ ဒီလိုပဲသည်းခံပြီး နေရတာပေါ့။ ၁၀ ရက် ၁၁ ရက်အလွန်ဆုံး နှစ်ပတ်ပါ။ ဒါပေမယ့် ဒီလိုနေလိုက်ရင် အကျိုးကျေးဇူးက ဘာရသလဲဆိုတော့ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကို ကူးစက်ဖို့ တော်တော်နည်းသွားတယ်။
ကိုယ်တစ်ယောက်က ထွက်ပြီး ကွာရန်တင်း စင်တာဖြစ်ဖြစ်၊ ကုသရေးစင်တာဖြစ်ဖြစ် နေပေး လိုက်ရင် တစ်မိသားစုလုံးဆက်တိုက် အကျိုးရှိသွား တယ်။ ဒါကြောင့် ပူးပေါင်းပါဝင်ပေးကြပါ၊ ပိုးတွေ့တဲ့အခါ သည်းခံပြီး ကုသရေးစင်တာတွေမှာ နေပေးတာ၊ ပိုးတွေ့တဲ့သူနဲ့အနီးကပ် ထိတွေ့ထားတယ်ဆိုရင် ကွာရန်တင်းသီးခြားခွဲနေထိုင်တာ သို့မဟုတ် ကွာရန်တင်းစင်တာမှာ နေထိုင်တာ၊ ဟိုတယ် ကွာရန်တင်းနေထိုင်တာ ဒါမျိုးတွေကို ခွဲခြားပြီး နေထိုင်ပေးကြဖို့ ကျွန်တော့်အနေနဲ့ ထပ်မံ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် ကျန်နေသေးတဲ့ ရောဂါကွင်းဆက် လက်ကျန်တွေ၊ ရောဂါဆက်လက် ကူးစက်နိုင်တဲ့ အခွင့်အလမ်း နည်းသထက်နည်းပြီး တတိယလှိုင်း ကာလကြီးကို အမြန်ဆုံးကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ