Skip to main content

ကပ်ရောဂါများကို သတိတရားဖြင့်ကျော်လွှား

ရောဂါပိုးမွှားပဋိဇီဝများသည် သက်ရှိများကို မှီတွယ်ရှင်သန်နေကြသည်။ လူသတ္တဝါ၏ ခန္ဓာကိုယ်တွင် ပိုးမွှားမျိုးစုံတို့ မှီတွယ်နေကြသည်။ တိရစ္ဆာန်မျိုးစုံတို့တွင်လည်း ပိုးမွှားမျိုးစုံ ကပ်ပါးကောင်များ ကပ်မြှောင်နေကြသည်ကို အနီးကပ်ကြည့်လျှင် မြင်တွေ့နိုင်သည်။ ထိုသို့ မှီခိုနေသောပိုးမွှားမျိုးစုံတို့တွင် သတ္တဝါတို့ကို အကျိုးပြုသော ပိုးမွှားများရှိသကဲ့သို့ အကျိုး မပြုသော ပိုးမွှားများ၊ အန္တရာယ်ပေးနိုင်သောပိုးမွှား များရှိနေသည်။

သတ္တဝါများ ကိုယ်ခံအားကောင်းနေသောအခါ မိတ်ဆွေပိုးမွှားများသည် အန္တရာယ်ပြု ပိုးမွှားများ ကို တိုက်ဖျက်နိုင်ကြပြီး သတ္တဝါတို့ ကိုယ်ခံအားနည်းနေသောအခါ မိတ်ဆွေပိုးမွှားများသည် အန္တရာယ်ရှိပိုးမွှားများကို ခုခံနိုင်စွမ်းမရှိဘဲ ရောဂါတစ်မျိုးမဟုတ် တစ်မျိုးကျရောက်ကာ ပျက်စီးခြင်းသို့ရောက်ရသည်။ သတ္တဝါများ ခန္ဓာကြွေပျက် ပျက်စီးလျှင်လည်းကောင်း၊ ခန္ဓာ အတွင်းမှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာပျံ့နှံ့လျှင်လည်းကောင်း ပတ်ဝန်းကျင်တွင် အန္တရာယ် ရှိနိုင်သည်ကို သတိပြု ရမည်ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာလောကကြီးရှိ သက်ရှိသတ္တဝါတို့မှ တစ်ဆင့် ရောဂါပိုးမွှားများ ပျံ့နှံ့ပြီး ကပ်ရောဂါအသွင်ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။

အဓိကမှာ သတ္တဝါများအနေဖြင့် ကိုယ်ခံအားကောင်းနေရန်လိုအပ်ပြီး ကိုယ်ခံအားနည်းသွား ခြင်း၊ ရောဂါအခံရှိသူတို့မှာ အသက်သေဆုံးနိုင်ခြေ ပိုမိုများပြားပေသည်။ ထို့ကြောင့် လူတို့အနေ ဖြင့် မျက်မှောက်ကာလတွင် ကိုယ်ခံအားကောင်းအောင်ပြုလုပ်ခြင်း၊ ကာကွယ်ဆေး ထိုးခြင်းတို့ ပြုလုပ်ကြရပေမည်။ ကာကွယ်ဆေးသည် ဆိုင်ရာရောဂါပိုးမွှားများ မကူးစက်စေရန် ကြိုတင်ကာကွယ် ထားခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးထားလျှင် ရောဂါဖြစ်ပွားမှုကို သုံးဆအထိ လျှော့ချနိုင်သည်။ ဆေးရုံတက်ရောက်မှုကို ၁၀ ဆအထိ လျော့ကျစေသည်။ ကာကွယ်ဆေးသည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသောရောဂါပိုးကို ကာကွယ်နိုင်ရန် ဖန်တီးထားသော ကိုယ်ခံအားစနစ်ဖြစ်သည်။ ရောဂါပိုး ဝင်ရောက်လာလျှင် မြန်မြန်ပြီး အမြန်တိုက်ထုတ်နိုင်သည့် ဆေးဝါးဖြစ်သည်။ ကာကွယ်ဆေးကို ရောဂါပိုးက ကြောက်သည်။

သို့သော် ဒယ်လ်တာဆိုသည့် ဗီဇပြောင်းပိုးများအပါအဝင် ဗီဇပြောင်းပိုးများ ယခုအခါ ဖြစ်ပေါ်လာသည်။ ဒယ်လ်တာသည် ဦးဆောင်ပိုးဖြစ်ပြီး ရောဂါဖြစ်ပွားမှုကို များစေသည်။ ဗိုင်းရပ်စ်ပိုးကောင်ရေများများ သယ်ဆောင်နိုင်သည့်သဘောဖြစ်သည်။ ၎င်းရောဂါပိုးသည် နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းတို့တွင် များများရှိသဖြင့် ချောင်းဆိုး၊ နှာချေ၊ စကားများများ ပြောလျှင် ရောဂါပိုးများများထွက်သည်ကို သတိပြုရမည်ဖြစ်သည်။ ထိုအခြေအနေကြောင့် ရောဂါပိုးကူးစက်မှု ယခင်ထက် များနိုင်သော်လည်း ကာကွယ်ဆေးထိုးပြီးသူအနေဖြင့် ဆေးရုံ တက်ရောက်မှု၊ အောက်ဆီဂျင်လိုအပ်မှု၊ အရေးပေါ်ကုသမှု၊ သေဆုံးမှုနည်းပါးနိုင်သည်။ ထို့ကြောင့် ကာကွယ်ဆေးကို မည်သို့ပင်နှောင့်ယှက်ပြောဆိုသော်လည်း မဖြစ်မနေထိုးနှံကြဖို့ တိုက်တွန်းအပ်သည်။

ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံထားပြီးသောသူများအနေဖြင့် အလွယ်တကူ သေဆုံးကြသည် ဟူသည့် သတင်းများ တွေ့ရခဲသည်။ သို့သော် ကာကွယ်ဆေးထိုးပြီး သော်လည်း ကျန်းမာရေးအတွက် ဂရုတစိုက်နေထိုင်ဖို့ လိုအပ်သည်။ သတင်းမှားများက ပျံ့နှံ့မှုလွယ်ကူသဖြင့် ကာကွယ်ဆေးထိုးရေးတွင် အနှောင့်အယှက်များစွာ ဖြစ်နိုင်ပေသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်း တွင် ကာကွယ်ဆေး သုံးသန်းခွဲ ထိုးနှံခဲ့သူများတွင် အသက်သေဆုံးခဲ့သည့်သတင်းများ မကြားသိရပေ။ ယခုလက်ရှိအချိန် ကာကွယ်ဆေး ထိုးနှံစဉ်တွင်လည်း အသက်သေဆုံးမှု မရှိခဲ့ပေ။ ရောဂါအခံနှင့် တစ်စုံတစ်ခု မှားယွင်းမှုကြောင့် တစ်ဦးတလေ အစွန်းအထင်းရှိခဲ့သည့် သတင်းသည် ကာကွယ်ဆေးထိုးနှံခြင်းကို ကြီးမားစွာရိုက်ခတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကာကွယ်ဆေး ထိုးနှံထားခြင်းသည်သာလျှင် အကောင်းဆုံးကိုယ်ခံဆေးဖြစ်သည်မှာ သေချာပါ သည်။

သက်ရှိ ဤကမ္ဘာလောကကြီးနှင့် လူတို့နေထိုင်ရာပတ်ဝန်းကျင်ရှိ သတ္တဝါအားလုံးတို့တွင် ရောဂါပိုးမျိုးစုံတို့ အနည်းနှင့်အများရှိနေကြသည်။ အကျိုးပြုပိုးမွှားများနှင့် အကျိုးမပြု ပိုးမွှားများ အားပြိုင်နေကြသည်။ သတ္တဝါတို့ကို အကျိုးပြုသည့် ပိုးမွှားများအားကောင်းသော အခါ ကိုယ်ခံအားကောင်းမွန်နေပြီး ကျန်းမာနေကြသည်။ သတ္တဝါတို့ကို အကျိုးမပြုသည့် ပိုးမွှားများ ဝင်ရောက်လာပြီး အားကောင်းလာသောအခါ ရောဂါဖိစီးနှိပ်စက်ပြီး အသက်သေဆုံး ခြင်းအထိ ဖြစ်ကြရသည်။ ထို့ကြောင့် အကျိုးပြုပိုးမွှားများ ရှင်သန်နိုင်ရန် ကိုယ်ခံအားကောင်း အောင် သတိပြုနေထိုင်ကြရမည်ဖြစ်သည်။ ရောဂါကာကွယ်ဆေးများကိုလည်း ထိုးနှံထားကြ ရမည်ဖြစ်သည်။ သို့မှသာ ရောဂါပိုးများကို တိုက်ဖျက်နိုင်ပြီး ကျန်းမာနေမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မိမိတို့၏ခန္ဓာကိုယ်တွင် အန္တရာယ်ရှိဗိုင်းရပ်စ်ပိုးမွှား များများလာခြင်း၊ ပိုးဗီဇများ ပြောင်းလဲလာနိုင်ရန်အတွက် အခြေအနေများ မပေးမိရန်လိုအပ်သည်။ ကာကွယ်ဆေး ထိုးထားခြင်းသည် ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းရန်အတွက် အကောင်းဆုံး လက်နက်ဖြစ်ရာ အမြန်ဆုံးကာကွယ်ဆေး ထိုးနှံကြရန်လိုအပ်ပေသည်။ ကာကွယ်ဆေး မထိုးနှံရသေးမီကာလတွင် မိမိကိုယ်ကို ခုခံကာကွယ်နိုင်မှုစနစ် အားကောင်းစေ ရန်အတွက် ကျန်းမာသောနေထိုင် စားသောက်မှုများကို အထူးသတိပြု ပြုလုပ်ကြရမည် ဖြစ်သည်။ ကာကွယ်ဆေး လည်းထိုးနှံ၊ ကျန်းမာအောင်လည်း နေထိုင်ကျင့်ကြံကြပါက မည်သည့်ရောဂါ ပိုးမွှားအန္တရာယ်ကပ်ဘေးကိုမဆို တွန်းလှန်တိုက်ဖျက်နိုင်မည်မှာ သေချာပါကြောင်း။