နေပြည်တော် ဩဂုတ် ၁၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိရာ စက်ရုံမှူး က စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေ၊ စက်ပစ္စည်းများရောက်ရှိမှု၊ သံမဏိကုန်ကြမ်းများ စုဆောင်းရရှိမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်း များ၊ တည်ဆောက်ရေးလုပ်ငန်းများ အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများ အတွက် လိုအပ်သော သံနှင့်သံမဏိများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရ၍ နိုင်ငံခြားငွေ အများအပြား သံ၊ သံမဏိအတွက် များစွာကုန်ကျလျက်ရှိသဖြင့် သံမဏိစက်ရုံစီမံကိန်း လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ဦးစွာပထမ နှစ်ရှည်ရပ်နားထားသည့် စက်ကိရိယာများကို စစ်ဆေးပြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဦးစွာဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံတည်ဆောက်ရေး လုပ်ငန်းများနှင့် စက်တပ်ဆင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပြီးစီးမှု၊ ကျန်ရှိနေသည့်အခြေအနေ၊ ကျန်ရှိ နေသည့်အပိုင်းကို ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို စနစ်တကျ ရေးဆွဲဆောင် ရွက်ထားရန် လိုကြောင်း၊ တပ်ဆင်ပြီးစီးသော စက်များကိုလည်း ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပြန်လည် စတင်မည်ဖြစ်၍ လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှု အစီအမံများကို စက်ရုံတစ်ခုချင်းစီအလိုက် စနစ်တကျကြိုတင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ကုန်ကြမ်း/ကုန်ချောများ၏ အရည်အသွေး ထိန်းသိမ်းရေးအတွက် စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရေး ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံတစ်ခုချင်းစီအလိုက် စက်ပစ္စည်းများ တပ်ဆင်ပြီး စီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)