Skip to main content

ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက်မှ ဖွံ့ဖြိုးရေးပန်းခင်းများ

(ယမန်နေ့မှ အဆက်)

 

မြောင်ဇီးအမျိုးသမီးများ မြောင်ဇီးအမျိုးသမီးများ၏ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့်အား အထပ်ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ၏။ ကော်လံအပြားကြီးပါသော အင်္ကျီလက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊အစိမ်း၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားပြန်၏။ ထို့နောက် အပေါ်တွင် လက်ပြတ်ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာစကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုးရှည်ကို ဆင်မြန်းကြ လေသည်။

ရှေ့တွင် ရှေ့ဖုံးအဖြစ် တစ်ထပ်ထပ် ဆင့်၍ ဆင်မြန်းကြသည်။ လက်တွင် ဆင်မြန်းထားသော အရောင်တန်းများ အလိုက် ခါးတွင်လည်း ရောင်စုံကြိုးများကို အလှဆင် ချည်နှောင်ကြသည်။ ခြေပတ် အဖြူကိုလည်း ဆင်မြန်းထား ပါသေးသည်။

မြောင်ဇီးလူမျိုး၏ ထူးခြားသည့် ဓလေ့များနှင့်အတူ မျက်နှာတွေ၏ နုပျိုမှုတွေဖြင့် ဖူးပွင့်ဝေဆာနေကြသည်။ ကြည်လင်ရှင်းသန့်နေကြပါသည်။ ရိုးရိုး သားသား ပွင့်ပွင့်လင်းလင်း လှတဲ့ တိုင်းရင်းသူ/တိုင်းရင်းသားများ ဖြစ်ကြပါသည်။

တိမ်စိုင်တွေကြားမှဖောက်ပြီး

စာရေးသူတို့အဖွဲ့သည် လောက်ကိုင်မှကွမ်းလုံသို့ ဆက်သွယ်သည့် လမ်းကြောင်းနှစ်ကြောင်းအား စစ်ဆေးပြီးချိန်တွင်တော့ ညနေနေဝင် ရီရီအချိန် ဖြစ်နေပေပြီ။ ကောင်းကင်ကြီးက လိမ္မော်ရောင်ရင့်ရင့်မှ အနီဘက်သို့ ကူးလူကူးခင် အလင်းတန်းများက တိမ်စိုင်တွေကြားမှ ဖောက်ပြီးတောင်တန်းတွေ သစ်တောတွေပေါ် ကျရောက်နေကြ၏။

မြန်မာနိုင်ငံ၏ ရှုခင်းတွေကတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန်ရောက်ရောက် သူ့အချိန်နဲ့သူ လှပမှုများဖြင့် တန်ဖိုးမဖြတ်နိုင်ပေ။ လောက်ကိုင်ကို ပြန်ရောက်တော့ ညမှောင်နေပေပြီ။

ရောင်စုံမီးများကြားမှာ လောက်ကိုင် မြို့ကြီးက လှပလို့နေပေပြီ။

သမိုင်းရှိသော မြို့တစ်မြို့

လောက်ကိုင်မြို့သည် ၁၈၃၉ ခုနှစ်က စတင်ခဲ့ပြီး ယနေ့တိုင် နှစ်ပေါင်း ၁၈၂ နှစ်ခန့် သမိုင်းရှိသော မြို့တစ်မြို့ ဖြစ်ပါသည်။

မာလီရှုပင်များ ပေါက်ရောက်နေသော ဒေသဖြစ်၍ “မာလီပါး”ဟု စတင် အမည်တွင်ခဲ့ပြီး နောက်နောင်တွင်မှ ဆင့်ကိုင်-လောက်ကိုင်ဟု အမျိုးမျိုးပြောင်းလဲခေါ်ဆိုခဲ့ကြကြောင်း သိရပါသည်။

“လောက်” မှာ “ဟောင်းနွမ်းသော” ဟု အဓိပ္ပာယ်ရပြီး “ကိုင်” မှာ “ဈေး” ကို ဆိုလိုပါသည်။ ပေါင်းစပ်လိုက်ပါက “ဈေးဟောင်း” ဟု အဓိပ္ပာယ်ရလေသည်။ ကိုးကန့်ဒေသကို ကိုးကန့် စော်ဘွားများ အုပ်ချုပ်ခဲ့စဉ်က “လောက်ကိုင်မြို့” မှာ အိမ်ခြေ ၂၀ ခန့်သာရှိသော “ကျင်ယွီ ထန်” ဟု အမည်ရသည့် “ကိုးကန့်ရွာငယ်လေး” ဟု ဆို၏။ ကိုးကန့်စော်ဘွား “ယန်ကျင့်ဆွင်” မှ လောက်ကိုင်တွင် ငါးရက်တစ်ပတ် ဈေးနေ့ သတ်မှတ်ပေးခဲ့သဖြင့် စည်ကားမှု စတင်ဖြစ်ပေါ်ခဲ့သည်ဟု မှတ်တမ်းများက ဆိုခဲ့ကြပါသည်။

အနှီး “ဈေးဟောင်း”မှ စတင်ခဲ့သော “လောက်ကိုင်” သည် ယနေ့အချိန်တွင် အဆောက် အအုံများ၊ ကတ္တရာလမ်းမကြီးများ၊ စက်ရုံ အလုပ်ရုံများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်၊ မိုတယ်များ၊ အပန်းဖြေနေရာများ၊ ဘဏ်များ၊ အရောင်းဆိုင်များ၊ ဈေးများဖြင့် ခေတ်မီဒေသတစ်ခုအဖြစ် တိုးတက်ဖွံ့ဖြိုးခဲ့ပေပြီ။

ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် “ငြိမ်းချမ်းရေးမျက်နှာစာ” များက စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုပန်းခင်း၏ မြစ်ဖျားသည် ငြိမ်းချမ်းခြင်း မြေဆီမြေနှစ် စီးဆင်းမှုမှ အခြေခံခဲ့သည်မှာ ငြင်း၍မရနိုင်သော အမှန်တရားဖြစ်ပါသည်။

ဤမည်သော ကိုးကန့်ဒေသသည် ဗကပလက်အောက်သို့ အစောဆုံး ကျရောက်ခဲ့ရသောဒေသ ဖြစ်သကဲ့သို့ ဗကပကိုအစောဆုံး ပြန်လည်တွန်းလှန် တိုက်ထုတ်ခဲ့သော ဒေသလည်းဖြစ်ပါ သည်။ စင်စစ်ကိုးကန့်အဖွဲ့သည် ၁၉၈၂ ခုနှစ်ခန့်မှစ၍ ဗကပအောက်မှ ခွဲထွက်ရန် တင်ကူးကြံရွယ်ချက်ရှိခဲ့ပြီးဖြစ်သည်။ ဗကပတို့သည် တိုက်ပွဲကြီးများ ဆင်နွှဲတိုင်း ကိုးကန့်၊ “၀”တိုင်းရင်းသားများကို ရှေ့တန်းမှတင်၍ အသေခံတိုက်ခိုင်းခဲ့ကြသည်။ ပွိုင့်- ၆၀၄၁ တောင်ကုန်းတိုက်ပွဲ ကြီးမှအစပြု၍ ကိုးကန့်တိုင်းရင်းသားတို့ အသက်ပေါင်းများစွာ စတေးခံခဲ့ကြရသည်။

စီစီဝမ်- တာပန်တိုက်ပွဲ

၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စီစီဝမ် - တာပန်တိုက်ပွဲသည် ဗကပတို့ ဦးကျိုးခဲ့သော တိုက်ပွဲဖြစ်သည်။ မရှုမလှရှုံးနိမ့်ခဲ့ရပြီး စိတ်ဓာတ်အင်အား၊ လူအင်အားများစွာ ချည့်နဲ့ ယိမ်းယိုင်သွားစေခဲ့သည်။ ကိုးကန့်တိုင်းရင်းသား ခေါင်းဆောင် များအနေဖြင့်လည်း ဗကပနှင့် ဆက်လက်၍ လက်တွဲနေလျှင်မိမိတိုင်းရင်းသားများ ယခုထက် ပိုမိုနစ်နာဆုံးရှုံးပြီး အကျိုးမဲ့ မည်ကို သုံးသပ်လာခဲ့ကြသည်။

ကိုးကန့်အဖွဲ့သည် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ဆက်သွယ်ပေးမှုကြောင့် ၁၉၈၇ ခုနှစ်မှ စတင်ပြီး တပ်မတော်က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြီးနောက် ကိုးကန့်တိုင်းရင်း သားခေါင်းဆောင်များသည် မိမိတို့အောက်ခြေ တပ်ဖွဲ့များ၏ သဘောတူညီ ချက်ဖြင့် (၁၂ - ၃ - ၈၉)ရက်နေ့တွင် ဗကပမှခွဲထွက်ကြောင်း ကြေညာခဲ့ပါသည်။ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး လက်နက်နှင့် ငြိမ်းချမ်းရေးရယူခဲ့ သည်။ အမှောင်မှအလင်းသို့ ကူးပြောင်းခဲ့ပေပြီ။

နိုင်ငံတော်က သံလွင်မြစ်အရှေ့ခြမ်း လောက်ကိုင်ဒေသကို ကိုးကန့်အထူး ဒေသ(၁)ကိုးကန့် ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး ပံ့ပိုးကူညီမှုများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အမြန်ဝင်ရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

ရာနှုန်းပြည့် ငြိမ်းချမ်းရေးရရှိသည့် အခြေအနေမှာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခများကြားမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဒေသအတွင်း ပြဿနာများ ရှိခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ “ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့” ကို ၃၀-၃၂၀၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဒေသ၏အုပ်ချုပ်ရေး၊ လူမှုရေးနှင့် စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့ပေပြီ။

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် မူဝါဒ ၄ ရပ်၊ ရည်မှန်းချက် ၇ ရပ် ချမှတ်၍ တိုင်းဒေသကြီးနှစ်ခု၊ ပြည်နယ်ခုနစ်ခု၊ ပြည်နယ်ခွဲနှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသခြောက်ခုတို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည်လည်း အပါအဝင်ဖြစ်ပါသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ

နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ယနေ့အထိ ကိုးကန့်ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအား ငြိမ်းချမ်းရေးယူချိန်မှ စတင်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ် ရေးကောင်းမွန်စေရေးအတွက် မြေလမ်း ၄၆၄ မိုင် ၁ ဖာလုံ၊ ဖြုန်းလမ်း ၂ မိုင်၊ ကျောက်လမ်း ၃၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာ လမ်း ၁၁၈ မိုင် ၇ ဒသမ ၁၇၄ ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာလမ်း ၄ မိုင် ၅ ဖာလုံ၊ လမ်းပြင်/ထိန်းလုပ်ငန်း ၅၄၀ မိုင် ၂ ဒသမ ၁၅ ဖာလုံတို့ကိုလည်းကောင်း၊ ကွန်ကရစ်တံတား(ကြီး/ငယ်) ၁၂၆ စင်း၊ Box Culvert ၁၁၃ စင်း၊ ရေပြွန် ၇၁ စင်း တို့ကိုလည်းကောင်း၊ ရေရရှိရေးလုပ်ငန်း အတွက် ရေရရှိရေးလုပ်ငန်း ၂၅ ခုကို လည်းကောင်း၊ စွမ်းအင်လုပ်ငန်းအတွက် မီးသွယ်တန်းခြင်း လုပ်ငန်းသုံးခု၊ လျှပ်စစ်မီးရရှိရေး ငါးခုနှင့် ရေအားလျှပ်စစ်လုပ်ငန်းနှစ်ခုတို့ကို လည်းကောင်း၊ သာသနာရေး၊ ပညာရေးနှင့် အိမ်ရာလုပ်ငန်းများအတွက် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၊ အခြားသာသနိက အဆောက် အအုံသုံးခုနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှစ်ခု၊ အခြေခံပညာကျောင်း ၄၆ ကျောင်းနှင့် မြို့တည်ဆောက်ရေး လုပ်ငန်းခုနစ်ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၂၇ လုံး၊ ဝန်ထမ်းအိမ်ရာ (လုံးချင်း)လုပ်ငန်း တစ်ခု၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ ခြောက်လုံးတို့ကို လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းအတွက် ဆေးပေးခန်းခုနစ်ခန်း၊ ဆေးရုံခြောက်ရုံ၊ ကျေးလက် ကျန်းမာရေးဌာ နလေးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုတို့ကိုလည်းကောင်း။

အကောင်အထည်ဖော်ဆောင်ရွက်

စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးမြေဖော်ထုတ်ခြင်း ဧက ၂၀၀ နှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းငါးခုတို့ကို လည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် ရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံကိုးရုံ၊ စာတိုက် လေးခု၊ ကြေးနန်းလုပ်ငန်းသုံးခု၊ တယ်လီဖုန်းလုပ်ငန်း ၁၂ ခု စာကြည့်တိုက်နှစ်ခုနှင့် မွေးမြူရေးခြံနှစ်ခြံ တို့ကိုလည်းကောင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်းပေါင်း ၂၀၅၇၃ ဒသမ ၅၁၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ခံစားချက်ချင်း မတူညီကြ

သဘာဝတရားကြီးက ပျော်ရွှင်ခြင်း အလင်္ကာများ တသီတတန်း ပေးအပ်ထားသော်လည်း လောက၌ ဆန့်ကျင်ဘက်တို့ ဒွန်တွဲလျက် တည်ရှိနေကြဆဲဖြစ်၏။ အနိမ့် အမြင့်၊ အတက် အဆင်း၊ အလင်းအမှောင်၊ အပူ အအေး၊ အဖြူ အမည်း၊ ပန်းပွင့်နှင့် မုန်တိုင်း၊ အနိုင် အရှုံး၊ ကိုးကွယ်ယုံကြည်မှုနှင့် သိပ္ပံပညာ၊ ငြိမ်းချမ်းခြင်း မငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်း၊ ဒုက္ခနှင့် သုခစသည် တို့သည် တစ်ခုနှင့်တစ်ခု ခံစားချက်ချင်း မတူညီကြသလို အဓိပ္ပာယ်ချင်းလည်း ခြားနားနေကြသည်။

အမှန်တွေကို မမြင်နိုင်အောင် တားဆီးနေသည့် အရာတွေကနေရာတိုင်းမှာ ရှိနေကြပါသည်။

ပြောင်းလဲ တည်ဆောက်နိုင်မည်

မတူတာတွေကို တူအောင်ညှိနှိုင်းကြပြီး ခြားနားမှုတွေကို ပေါင်းစည်းအောင် လုပ်နိုင်ကြ လျှင်ဖြင့် စစ်မှန်တဲ့ ချမ်းမြေ့ပျော်ရွှင်တဲ့ လောကကြီးကို ပြောင်းလဲတည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါသည်။

ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးခြင်းသည် တိုက်ရိုက် အချိုးကျ၏။ ဒေသများ ငြိမ်းချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ခြင်းများ ရှင်သန်လာမည် ဖြစ်ပါ၏။ ကိုးကန့်ဒေသ ငြိမ်းချမ်းရေး ပန်းခင်းကြီးမှသည် ဖွံ့ဖြိုးရေးပန်းခင်း ကြီးအဖြစ် ဆင့်ကဲဖြစ်စဉ်များကို ဖြတ်သန်းလျက် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပေပြီ...။

ဝ ထ က လ သ (နတလ)