နေပြည်တော် ဩဂုတ် ၁၆
ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသည် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်များ Online မှတစ်ဆင့် လျှောက်ထား အတည်ပြု ထုတ်ပေးနိုင်ရေးအတွက် “Enchanting Myanmar Health and Safety Protocol” Website ကို လွှင့်တင်ထားပြီးဖြစ်ပါကြောင်း ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး နီလာခန်းမတွင် ကျင်းပသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က Website လွှင့်တင်ထားပြီးဖြစ်သဖြင့် မိမိတို့ဒေသရှိ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း (၇) မျိုးတို့တွင် လုပ်ကိုင်နေသည့် ပုဂ္ဂိုလ်များက နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်များ ဝင်ရောက် လျှောက်ထားရယူနိုင်ရေး ဆောလျင်စွာ အသိပေးဆောင်ရွက်ရန်နှင့် ဆောင်ရွက်ထားရှိမှုများကို တင်ပြရန်ဖြစ်ကြောင်း၊ ပထမအကြိမ် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများ အနေဖြင့် အလေးနက်ထား၍ အမြန်ဆောင်ရွက် နိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပြီး ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် Online မှ တက်ရောက်လာကြသည့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ခရီးသွားဆွဲဆောင်မှု အစီအစဉ်အသစ်များကို ဖော်ထုတ်၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ရိုးရာပွဲတော်များအပြင် ထူးခြားသည့်ပွဲတော်များအား ဖော်ထုတ်ခြင်းနှင့်ဒေသရိုးရာ အစားအသောက်များကို အဆင့်မီမီ ထုတ်ပိုးမှုပုံစံကောင်းများဖြင့် ထုတ်လုပ်ပြီး နိုင်ငံတကာ ပြပွဲများတွင် Myanmar Food Show အဖြစ် မြှင့်တင်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေနှင့် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတနှင့် လုပ်ငန်း ကျွမ်းကျင်မှု စွမ်းဆောင်ရည်များရှိပြီးသားဖြစ်၍ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် နိဂုံးချုပ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်