နေပြည်တော် ဩဂုတ် ၁၅
လူဦးရေကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လူဦးရေမူဝါဒရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်အလက်များ၊ တွေ့ကြုံ လာနိုင်သည့် ပြဿနာအခက်အခဲများ သေချာလေ့လာသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် လူဦးရေမူဝါဒရေးဆွဲချမှတ်နိုင်ရေး ညှိနှိုင်းဆွေး နွေးပွဲတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်သူ့အင်အားဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက မြန်မာနိုင်ငံအတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် ၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင် စာရင်းကောက်ယူခဲ့မှုများ၊ ၂၀၁၄ခုနှစ်နှင့် ၂၀၁၉ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် စာရင်းရလဒ် များ ထုတ်ပြန်ဆောင်ရွက်ခဲ့မှု၊ ယင်းရလဒ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့် ဌာန၊ အဖွဲ့အစည်းများမှ ရယူအသုံးပြုဆောင်ရွက်နေမှု၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ သန်းခေါင်စာ ရင်း ရလဒ်များပေါ်အခြေခံ၍ လူဦးရေမူဝါဒများ ရေးဆွဲချမှတ်နေမှုနှင့် မိမိတို့နိုင်ငံတွင်လည်း လူဦးရေမူဝါဒ ရေးဆွဲချမှတ်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှဆောင်ရွက်နေ သည့် လူဦးရေသန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အခြေခံတွက်ချက်အသုံးပြုရသည့် ကိန်းဂဏန်းအချက် အလက်များဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များပေါ် အခြေခံကာ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲကြရကြောင်း၊ ယင်းရလဒ် များနှင့် ဆက်စပ်၍ နိုင်ငံတကာ၌ လူဦးရေမူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံ တွင်လည်း နိုင်ငံနှင့်ကိုက်ညီသင့်တော်မည့် လူဦးရေမူဝါဒကို မဖြစ်မနေရေးဆွဲ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
(သတင်းစဉ်)