Skip to main content

ကိုဗစ်ရောဂါကို စဉ်ဆက်မပြတ်သတိပြုကာကွယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်စတင်ယူသည့်အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နောက်ဆက်တွဲ လူမှုစီးပွားအခက်အခဲများကို အစွမ်းကုန် ဖိဖိစီးစီး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုကို လွှမ်းခြုံကာကွယ်ထိန်းချုပ်ပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်တွေ့ဆုံ၍ ရောဂါကူးစက် ပြန့်ပွားမှုကျဆင်းစေရန် လမ်းညွှန်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခုလပထမပတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့်အခက်အခဲများကို ကြိုးပမ်းကျော်လွှား နိုင်ခဲ့သည်။ ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် ရာခိုင်နှုန်း ၃၀ အောက်ကျဆင်းလာ သည်ကို တွေ့ရသည်။ ယင်းတိုးတက်ကောင်းမွန်လာသော အခြေအနေကို ကျေနပ်နေ၍မရဘဲ ရောဂါကူးစက်ပြန့်ပွားမှုကို ထပ်မံကျဆင်းအောင် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ လိုက်နာရန်အတွက် တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမှုကောင်းမွန်စေရန် အသိပညာပေးလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အဆင့်ဆင့် အသိ ပညာပေးကြရန်လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် လုံးဝ ပျောက်ကွယ်သွားမည့် ရောဂါမဟုတ်ကြောင်းပညာရှင်များက သုံးသပ်ထားကြသည်။ ထို့အတွက် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်သွားကြရန် လိုအပ်ပါသည်။ လက်ရှိအခြေအနေတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးတို့ကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါကာကွယ်ဆေးနှင့် ကုသဆေးများ ထုတ်လုပ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က ပြောကြားထားသည်။ လတ်တလောတွင် မျိုးရိုးဗီဇမတူညီသည့် ဗီဇကွဲနှစ်မျိုးကို အခြားနိုင်ငံအချို့တွင် ထပ်မံတွေ့ရှိနေရသည်ကို ကြားသိနေရသည်။ သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆ မနေထိုင်ဘဲ အထူးဂရုပြု နေထိုင်ကြရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို အဆင်ပြေလွယ်ကူစွာ ပြည်သူလူထုလက်ဝယ်ရောက်ရှိရေးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများက ပါဝင်ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပေသည်။ အများပြည်သူ အခက်အခဲဖြစ်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးနှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို လက်ဝယ်တွင် ထားရှိကိုင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားအတွက်မတော်လောဘဖြင့် သိုလှောင်ထားသူများကို ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားပြီးဖြစ်ရာ သက်ဆိုင်ရာတို့က ဆေးဝါးပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်များကို ရှာဖွေစစ်ဆေးလျက် ရှိသည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ရှိနေဦးမည်ဖြစ်ပြီး ယခုရောဂါဖြစ်ပွားမှုသည် ကာလတစ်ခုအထိ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် အမြဲမပြတ်သတိထား ဆောင်ရွက်နေရမည်ဖြစ်သည်။ လူတစ်ဦးချင်း ကျန်းမာရေးနှင့်ညီညွတ်သည့် လှုပ်ရှားသွားလာနေထိုင်စားသောက်မှုများ လိုအပ်သည်ဟု ကျန်းမာရေးဆိုင်ရာအဖွဲ့ အစည်းများက အသိပေးထုတ်ပြန်ထားသည်။ အောက်ဆီဂျင်ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အောက်ဆီဂျင်ထုတ်လုပ်၍ရနိုင်သည့် စက်ရုံများအားလုံးမှ အမြဲမပြတ်ထုတ်လုပ်၍ ပြည်သူများလိုအပ်သည့်အချိန်တွင် အချိန်မီ အလွယ်တကူရရှိရေးအတွက် ဆောင်ရွက်နေသည်။ အလားတူ ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြည်သူများ စဉ်ဆက်မပြတ်ရရှိရေး ပြည်ပမှ တင်သွင်းနေရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နေသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး ရေရှည်တွင်လည်း ဆက်လက်ရှိနေမည်ဖြစ်၍ ပြည်သူများအနေဖြင့် ကိုဗစ်အန္တရာယ်ကို ကာကွယ်၍ အတူနေထိုင်နိုင်ရန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ လိုက်နာကြိုးပမ်းဆောင်ရွက်ကြရန် လိုသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အခက်အခဲများကြားမှ စဉ်ဆက်မပြတ် ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ယုံကြည် စိတ်ချစွာဖြင့် အတူလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။