နေပြည်တော် ဩဂုတ် ၁၄ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-IDစနစ်) လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မှုံရွှေရည် က အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်စနစ် (e-IDစနစ်) သိကောင်းစရာများ၊ ကမ္ဘာ့နိုင်ငံ တချို့၌ ကျင့်သုံးနေသည့် e-IDစနစ်များ၊ e-IDစနစ်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်တွေ့ရှိချက် များနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက e-ID လုပ်ငန်းစနစ်အား စနစ်တကျ လေ့လာ သုံးသပ်ကာ မိမိတို့ဌာနက ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားလေ့လာ သုံးသပ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ e-ID လုပ်ငန်းစနစ်သည် e-Government စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော ဝန်ဆောင်မှုစနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများသည် နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်သက်ဆိုင်နေသည့်အတွက် အားလုံးက အလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် e-ID စနစ် လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ရေး အတွက် အသေးစိတ် ပြန်လည်ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။ ယနေ့ နံနက်ပိုင်းတွင် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌ ပြည်သူလူထု အသိပေးခြင်းလုပ်ငန်းကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်သည် နိုင်ငံသားများ၏ လူမှုဘဝ ပြည့်စုံနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားအထောက်အထားတစ်ခုဖြစ်မှု၊ ယင်းလုပ်ငန်းစဉ်သည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ ပြည်သူများသိရှိနားလည်ပြီး လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ ရှာကြံ တွေးတော ဆောင်ရွက်နိုင်ရေး၊ မီဒီယာကဏ္ဍတွင် Online၊ Offline တို့ဖြင့် ဘက်ပေါင်းစုံ အသုံးပြု ဆောင်ရွက်သွားရေးနှင့် လူမှုကွန်ယက်တို့မှ ထပ်ဆင့်ဖော်ပြအသိပေးနိုင်ရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဒေသအာဏာပိုင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း များသို့ ဆက်သွယ်၍ လုပ်ငန်းအခြေအနေများကို အသိပေးရှင်းလင်းတင်ပြ ချပြနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)