Skip to main content

တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ စိစစ်

နေပြည်တော် ဩဂုတ် ၁၃

တိုင်းဒေသကြီး/ပြည်နယ်များ၏၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့်တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး ဌာနများမှ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေများကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်း အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုမှ တိုင်းဒေသကြီး ၊ ပြည်နယ်များ၏ လိုငွေ အတွက် လျာထားထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယခု ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေများကို မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ပြည်သူများ တိုက်ရိုက် အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ စသည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုကို ပိုမိုအကျိုးပြုစေနိုင်မည့် အသုံးစရိတ်များကို အလေးထား သုံးစွဲပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့် ကိုက်ညီစွာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ဆွေးနွေးမှာကြား

လုပ်ငန်းစီမံကိန်း ငွေလုံး ငွေရင်း အသုံးစရိတ်များနှင့် ပတ်သက်၍ မပြီးပြတ်သေးသော ဆောင်ရွက်ဆဲ လုပ်ငန်းများကို ဦးစားပေး၍ ပြီးပြတ်အောင် ဆောင်ရွက်ပြီး ပြည်သူများအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းသစ်များကိုသာ ဦးစားပေး အစီအစဉ်အလိုက် လျာထား၍ သတ်မှတ်ချိန် အတွင်း ပြီးစီးနိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လျာထားသည့် အသုံးစရိတ်များကို ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲကြရန်နှင့် စာရင်းစစ်ဆေးခံနိုင်ရေး အတွက်လည်း အလေးပေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)တွင် နိုင်ငံတော်ဝန်ကြီး ချုပ်မိန့်ကြားခဲ့သော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေ သုံးစွဲရမည့် လုပ်ငန်းကိစ္စရပ်များမှအပ အခြားကိစ္စရပ်များတွင် တတ်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း မှာကြားချက်နှင့်အညီ ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများကို စနစ်တကျ စိစစ်သုံးစွဲသွားရန် ဖြစ်ကြောင်းကိုလည်း ဆွေးနွေး မှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်များက ဘဏ္ဍာငွေအရ အသုံးလျာထားချက် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာငွေအရအသုံး စာရင်းများကို စိစစ်ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အတည်ပြုနိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်