Skip to main content

မိသားစုကျန်းမာရေးအတွက် ဆေးဝါးဝယ်ယူရာတွင် ပစ္စည်းမှန် ဈေးနှုန်းမှန် ရရှိဖို့ သတိပြုကြစို့

 

ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)

 

လက်ရှိအချိန်ကာလသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2)၏ မျိုးရိုးဗီဇများ ပြောင်းလဲကူး စက်နေချိန်ဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း အဆိုပါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကြောင့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကိုခံစားနေရချိန်ဖြစ်ပါသည်။ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးများ ဥပမာဒယ်လ်တာ ဗိုင်းရပ်စ် မျိုးကွဲသည် မူလကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့် နှိုင်းယှဉ်လျှင်ကူးစက်မှုနှုန်း နှစ်ဆမှ သုံးဆအထိပိုမို၍ ကူးစက်ကာ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိနေရပါသည်။

 

သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပထမလှိုင်းကာလ ၂၃-၃-၂၀၂၀မှ ၁၅-၈၂၀၂၀ အထိ ၁၄၆ ရက်အတွင်း ဖြစ်ပွားသူ ၃၇၄ ဦး၊ သေဆုံးသူ ခြောက်ဦး၊ ဒုတိယလှိုင်းကာလ ၁၆-၈-၂၀၂၀မှ ၂၆-၅-၂၀၂၁ အထိ ၂၈၄ ရက် အတွင်း ဖြစ်ပွားသူ ၁၄၂,၉၄၄ ဦး၊ သေဆုံးသူ ၃,၂၁၀ဦး ရှိခဲ့ရာမှ ယခုတတိယလှိုင်းကာလ ၂၇-၅-၂၀၂၁ မှ ၆-၈-၂၀၂၁ အထိ ၇၂ ရက်တာ ကာလအတွင်း ဖြစ်ပွားသူ ၁၇၉,၅၂၀ ဦး၊ သေဆုံး သူ ၈,၀၄၆ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်ပါသည်။

 

မတန်တဆဈေးပိုပေးနေရ

 

ရောဂါဖြစ်ပွားမှု တတိယလှိုင်းကာလအတွင်း တွင် ဖြစ်ပွားကူးစက်မှုနှုန်း အလွန်မြင့်မားစွာနှင့် လျင်မြန်စွာဖြစ်ပေါ် ခဲ့ခြင်းကြောင့် ရောဂါဖြစ်ပွားမှု များပြားရာဒေသများတွင် အခြေခံအိမ်သုံးဆေးဝါးများ (Over The Counter Medicine - OTC)နှင့် ဆရာဝန်ညွှန်ကြားမှုဖြင့် သောက်သုံးရသော ဆေးဝါးများ (Prescription Only Medicine - POM) များ ဝယ်ယူရာတွင် ခက်ခဲရှားပါးမှုများ အထူးသဖြင့် လူသုံးများ၍ နာမည်ကြီး တံဆိပ်ပါ ဆေးဝါး(Branded Medicine)များ ဝယ်ယူရာတွင် ခက်ခဲရှားပါး၍ မတန်တဆ ဈေးပိုပေးနေရသည့် အခြေအနေများ ဖြစ်ပေါ် လာခဲ့ရ ပါသည်။

ထိုသို့ အိမ်သုံးဆေးဝါးများ ဈေးကြီးပေး၍ ခက်ခဲရှားပါးစွာ ဝယ်ယူနေရမှုဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်း များအနက် အချို့မှာ ပြည်သူ တို့အနေဖြင့် ဆေးဝါးဆေးပစ္စည်းဆိုင်ရာ ဝယ်ယူ သုံးစွဲမှုများနှင့် ပတ်သက်သည့် ကျန်းမာရေးအသိ ပညာအားနည်းခြင်း၊ အချို့သောဆေးဆိုင်များသည် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကို အကြောင်းပြ၍ ဖွင့်လှစ်ရောင်းချမှုမပြုခြင်း၊ အချို့သောကျင့်ဝတ်နှင့်မညီညွတ်သည့် ဆေးဝါး တင်သွင်းဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းကုမ္ပဏီများ၊ လုပ်ငန်းများနှင့် ဆေးအရောင်းကိုယ်စား လှယ်များသည် ကပ်ရောဂါဖြစ်ပွား နေစဉ်ကာလ အတွင်း ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစား လိုသည့် ရည်ရွယ်ချက်ဖြင့် လက်ထဲတွင် သိုလှောင် သိမ်းဆည်းထား၍ အမြတ်အစွန်းကြီးစွာရရှိစေရန် ဆောင်ရွက်ခြင်း၊ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ အဆင်ပြေ ချောမွေ့စွာ စီးဆင်းသွားလာရေးတွင် အကန့် အသတ်များရှိနိုင်ခြင်းနှင့် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းကို အိမ်နီးချင်းနိုင်ငံများတွင်လည်း တစ်ပြိုင်နက်ခံစားနေရချိန်ဖြစ်၍ ဒေသတွင်း ဈေးကွက်လိုအပ်ချက် များပြားနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ရပါသည်။

 

သင့်တင့်သည့်ဈေးနှုန်း အတိုင်းသာရောင်းချ

 

 နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိအိမ် တွင်သာနေထိုင်ရမည့်အစီအစဉ် (Stay at Home) တွင် ပါဝင်သည့် မြို့နယ်များနှင့် အခြားမြို့နယ်များတွင်လည်းကောင်း၊ ရုံးပိတ်ရက်ရှည်ကာလများ တွင်လည်း ကောင်း ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံ ဆေးခန်းများကို ဆက်လက် ဖွင့်ထားရန် ကြေညာထားရှိခြင်း၊ ရုံးပိတ်ရက်ရှည်ကာလ အတွင်းတွင်ပင် သက်ဆိုင်ရာ ဝန်ကြီးဌာ နများမှ (ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်။  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် နေ့စဉ်ဌာနများကို ပိတ်ရက်မရှိ ဖွင့်လှစ်၍ ဝန်ဆောင် မှုပေးနေခြင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံရပ်ခြားမှ ဆေးဝါးနှင့် ဆေးပစ္စည်း ကုန်စည်များ ဝင်ရောက်လာမှု အဆင်ပြေချောမွေ့ စေရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တစ်ဆင့်ဆေးဝါးနှင့်ဆေးပစ္စည်း  အမြောက်အမြားတင်သွင်းခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်း ထုတ်လုပ်မှုတိုးမြှင့်ခြင်း စသည်တို့ကို အထူးအားပေးဆောင်ရွက်နေချိန်ဖြစ်ပါသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းများ လက်ဝယ် သိုလှောင်ထားသည့် ဆေးဝါးနှင့် ဆေးကုမ္ပဏီများ၊ ဆေးအရောင်း ကိုယ်စား လှယ်များအနေဖြင့် လည်းအများ ပြည်သူအကျိုးရှေးရှု၍ ဆေးဝါးနှင့် ဆေးပစ္စည်း များကို သိုလှောင် ထိန်းသိမ်း၍ ဈေးမြှင့်တင်ရောင်း ချခြင်းမပြုဘဲ သင့်တင့်သည့် ဈေးနှုန်းအတိုင်းသာ ရောင်းချသင့်သည့် အချိန်ကာလဖြစ်ပါသည်။

 

မိဘပြည်သူများအနေဖြင့် အိမ်သုံးရန်အတွက် လိုအပ်၍ဖြစ်စေ၊ ဆရာဝန်ညွှန်ကြား ထား၍ ဖြစ်စေ ဆေးဝါးများကို ဝယ်ယူရာတွင် အောက်ဖော်ပြပါ အချက်တို့ကို သတိပြု၍ လိုက်နာကြည့်ရှု ၀ယ်ယူ ကြစေလိုပါသည် -

 

 (က) မိမိဝယ်ယူမည့် ဆေးအရောင်းဆိုင် သည် စနစ်တကျမှတ်ပုံတင်ထားခြင်း (သို့မဟုတ်) လိုင်စင်သက် တမ်းရှိသည့် ဆေးအရောင်းဆိုင် (သို့မဟုတ်) လုပ်ငန်း ကုမ္ပဏီဖြစ်ရန် လိုအပ်ပါသည်။ အွန်လိုင်း မှ တရားမဝင် ရောင်းချသောမည်သည့် အာမခံချက်မျှမရှိသည့် မည်သည့် ဆေးဝါး၊ ဆေးပစ္စည်းမဆို ဝယ်ယူသုံးစွဲခြင်းမှလုံးဝ ရှောင်ကြဉ်သင့်ပါသည်။

 

(ခ) မိမိဝယ်ယူသုံးစွဲမည့်ဆေးကတ် (သို့မဟုတ်) ဘူးခွံပေါ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် (Myanmar Registration Number) ပါဝင်ရပါမည်။ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးမည့်ရက်တို့ကို ရှင်းလင်းစွာ ဖော်ပြထားရပါမည်။ ထုပ်ပိုးမှုစနစ် ကောင်းမွန်ပြီး ဆေးအညွှန်းအမှတ် အသားများ၊ ပါဝင်ပစ္စည်း များပြည့်စုံရှင်းလင်းစွာ ဖော်ပြထားရ ပါမည်။ ဆရာဝန် ညွှန်းဆိုမှုဖြင့် သောက်သုံးရသော ဆေးဝါးများ (Prescription Only Medicine) ဖြစ်ပါက တတ်ကျွမ်းနားလည်သော ဆေးပညာရှင်များက ညွှန်ကြားသောဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာ ဝယ်ယူသုံး စွဲသင့်ပါသည်။

 

 (ဂ) ဈေးအလွန်ကြီးမြင့်၍ လတ်တလော ဝယ်ယူရန် ရှားပါးသော နာမည်ကြီး တံဆိပ် အခြေခံအိမ်သုံးဆေးဝါး (Branded Over The Counter Medicine)များကို ဈေးများစွာပိုပေး၍ ဝယ်ယူခြင်းမှ ရှောင်ရှားသင့်ပါသည်။ အချို့သော အခြေခံအိမ်သုံးဆေးများ သည် လတ်တလော အခြေအနေတွင် မူလရှိရင်းစွဲဈေးထက် (၁၀)ဆမှ အဆ (၂၀) အထိ အလွန်မြင့်မား စွာ တိုးမြှင့် ရောင်းချလျက်ရှိနေသည်ကို တွေ့ရှိရ ပါသည်။ အဆိုပါနာမည်ကြီး တံဆိပ် ဆေးများနှင့် ပါဝင်သည့်ဆေးအမျိုး အစား၊ ဆေးပမာဏနှင့် အရည်အသွေး တူညီကာ ဈေးနှုန်းသက်သာသည့် မူလဆေးဝါးဗေဒဆိုင်ရာ အမည်ဖြင့် ဆေး (Generic Medicine) (သို့မဟုတ်) အခြားတံဆိပ်ဖြင့် ဆေးများစွာရှိပါ သည်၊ ဥပမာ- BBB” တံဆိပ်ဖြင့် ရောင်းချသည့် အကိုက်အခဲပျောက်ဆေး ပါရာစီတမော၅၀၀ မီလီဂရမ်ပါဝင်သည့် ဆေးသည် ဈေးအလွန်ကြီး၍ ဝယ်ယူ ရန်ခက်ခဲနေပါက ပါဝင်သည့် ဆေး အမျိုးအစား ပါရာစီတမော ၅၀၀ မီလီ ဂရမ် (Paracetamol 500mg) တူညီစွာ ပါဝင်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန အသိအမှတ်ပြု ပါရာစီတမော ၅၀၀ မီလီဂရမ် (Generic Medicine)ဆေး (သို့မဟုတ်) အခြား တံဆိပ်ဖြင့် ပါရာစီတမော ၅၀၀ မီလီ ဂရမ် ပါဝင်သောဆေးကိုပြောင်းလဲ၍ ဝယ်ယူသုံးစွဲသင့်ပါသည်။ ထိုသို့ဝယ်ယူ သုံးစွဲလျှင် လိုအပ်သောဆေးကို အလွယ် တကူ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူ ရရှိမည်ဖြစ်ပါသည်။

 

(ဃ) ဈေးနှုန်းအလွန်သက်သာမှု တစ်ခုတည်းကိုကြည့်၍ ဝယ်ယူသုံးစွဲခြင်းကို လည်း ရှောင်ကြဉ်သင့်ပါသည်။ ကျန်းမာ ရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အသိ အမှတ်ပြု မြန်မာနိုင်ငံဆေး ဝါးမှတ်ပုံတင် အမှတ် (Myanmar Registration Number) မပါရှိခြင်း၊ စနစ်တကျ ထုပ်ပိုးမှုမရှိခြင်း၊ ထုတ်လုပ် သည့်ရက်၊ သက်တမ်း ကုန်ဆုံးသည့်ရက်မပါရှိခြင်း စသည့်ဆေးဝါးများဖြစ်ပါက ဆေးဝါး အတု (Fake Drug) များ (သို့မဟုတ်) အရည်အသွေးမပြည့်ဝသော ဆေး (Substandard Drug)များ (သို့မဟုတ်) အရည်အသွေး မပြည့်ဝသောဆေး (Expired Drug) များဖြစ်နိုင်၍ သုံးစွဲမည့်သူအတွက် အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။

 

 (င) စပ်ဆေးများဝယ်ယူသုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ်ရမည်ဖြစ်ပါသည်၊ စပ်ဆေးများတွင်ပါဝင်သော ဆေးများသည် သက်တမ်းလွန်ဆေးဝါးများ၊ ပဋိဇီဝ ဆေးဝါးများ၊ ပြင်းထန် သည့်အကိုက်အခဲ ပျောက်ဆေးများ၊ စတီးရွိုက်ဆေးဝါး များပါဝင်၍ သောက်သုံးမိပါက လတ်တလောတွင် ဝေဒနာသက်သာစေ သလိုရှိသော်လည်း ရောဂါပြင်းထန်လာ ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်း၊ စပ်ဆေးများကို မကြာခဏ ဝယ်ယူသောက်သုံး ပါကနောက်ဆက်တွဲ အစာအိမ်၊ ကျောက်ကပ်၊ နှလုံးနှင့်သွေး ကြောရောဂါများဖြစ်ပွား၍ ဘေးထွက် ဆိုးကျိုး များစွာ ခံစားရခြင်း၊ ပဋိဇီဝဆေး ယဉ်ပါးခြင်းတို့ ဖြစ်ပွားစေကာ လူ့သက်တမ်းစေ့မနေရဘဲ စောစီးစွာ အသက်သေဆုံးနိုင်ပါသည်။

 

(စ) ကိုဗစ်-၁၉ဂါဖြစ်ပွားသည်ဟု သံသယ ရှိပါက အွန်လိုင်းပေါ်မှရရှိသည့် ဆေးမြီးတို များနှင့် ကုသခြင်း လုံးဝ(လုံးဝ)မပြုပါနှင့်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ် သွားရောက်ပြသ၍ စနစ်တကျကုသ မှုခံယူ ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ အိမ်တွင်း ဆေးမြီးတိုဖြင့် ကုသခြင်းသည် ရောဂါကြောင့်သေဆုံး မှုကို အလွန်မြင့် တက်စေ၍ အိမ်တွင်းရှိ အခြားသူများကို ရောဂါဆက်လက်ကူးစက်စေနိုင်ပါသည်။

 

 (ဆ) ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း ဆေးအရောင်းဆိုင်များသို့ ဆေး ဝါးနှင့် ဆေးပစ္စည်း သွားရောက်ဝယ်ယူ ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားပါ၊ လက်ကို အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေပါ။ ဆေးဆိုင်တွင်လိုအပ်ပါက စနစ်တကျ တန်းစီ၍ဝယ်ယူပါ၊ လူစုလူဝေးဖြစ်စေ ခြင်းမှ လုံးဝရှောင်ကြဉ်ပါ။ မိမိအတွက် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူပါ။ ဆေးကို မလိုအပ်ဘဲအလွန်အကျွံ များ ပြားစွာ ဝယ်ယူစု ဆောင်းခြင်းမပြုပါနှင့်။ အထက်ဖော်ပြပါ ဆေးဝါး/ဆေးပစ္စည်းဆိုင်ရာ  ဝယ်ယူသုံးစွဲမှုများနှင့်ပတ်သက် သည့် ကျန်းမာရေး အသိပညာများကိုမိတ်ဆွေ အချင်းချင်း၊ မိသားစု အချင်းချင်း မျှဝေပေးခြင်း၊ လိုက်နာကြည့်ရှု ဆောင်ရွက်စေခြင်းဖြင့် အခြေခံအိမ်သုံးဆေးများ အလွန်အကျွံဈေးနှုန်းတက်၍ ဝယ်ယူရခက်ခဲခြင်း မှရှောင်ရှား နိုင်ခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းကစား၍ အမြတ်တင်ရောင်းချသူတို့၏ လှည့်ဖြားခြင်းအန္တရာယ်မှ ရှောင်ရှားနိုင်ခြင်း၊ အရည်အသွေး ပြည့်ဝသော ဆေးဝါးများကို တန်ဖိုးသင့်စွာဖြင့် ဈေးပိုပေးစရာမလိုဘဲ ပစ္စည်း မှန်၊ ဈေးနှုန်းမှန်ဝယ်ယူရရှိခြင်း၊ အရည်အသွေး မပြည့်မီသောဆေးဝါးများ၊ ဆေးဝါးအတုများ နှင့် စပ်ဆေး အန္တရာယ်တို့မှ ကင်းဝေးခြင်း အကျိုး ကျေးဇူးတို့ကို ရရှိခံစားရစေမည်ဖြစ်ပါသည်။