နေပြည်တော် သြဂုတ် ၁၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်း စစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း ၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည့်အချိန်က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်နှင့် ကင်းရုံးရပ်ကွက် ကြားရှိ ဂွချောင်းအတွင်း သောင်ထွန်းလျက်ရှိသည့် မြစ်ချောင်း ရေအောက်မြေ အမျိုးအစား ဂုံးသောင်မြေနေရာပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ထုတ်ရေးဆောင်ရွက်ရာ၌ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်း ဆက်စပ်သည့်ကုမ္ပဏီတစ်ခုအား ကုမ္ပဏီ အချက်အလက်များ၊ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ ငွေကြေးနှင့် လုပ်ငန်းအတွေ့အကြုံ နည်းပညာ ကျွမ်းကျင်မှုများ၊ ကျွမ်းကျင်လုပ်သားနှင့် လိုအပ်သည့် ယာဉ်၊ ယန္တယားများ အသုံးပြုနိုင်မှုတို့ကို စိစစ်ခြင်းမပြုဘဲ ဆောင်ရွက်စေခဲ့ခြင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့ "တန်ဖိုးနည်းမြေယာ ဖော်ထုတ်ခြင်းလုပ်ငန်း စီမံ ခန့်ခွဲရန် သဘောတူစာချုပ်"ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်၊ ပြည်နယ်ဥပဒေချုပ်ရုံး၏ ဥပဒေအကြံပြုချက်နှင့် စီမံကိန်းနှင့် သက်ဆိုင်ဆက်နွယ်သည့် ဌာနများမှ သဘောထားမှတ်ချက်များ တောင်းခံ ရယူမှုမရှိဘဲ လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြု၍ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ချုပ်ဆိုခဲ့ခြင်း၊ စီမံကိန်းဆောင်ရွက်သည့် မြေအမျိုးအစားမှာ မြစ်ချောင်းနှင့်ရေအောက် မြေအမျိုးအစားဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်မှုမရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မှုများအပေါ် လေ့လာဆန်းစစ်မှုမရှိဘဲ စီမံကိန်းလုပ်ငန်း ဆောင်ရွက် ခွင့်ပြုခဲ့ သည့်အတွက် ရေကြီး၊ ရေလျံ၊ ရေတိုက်စားမှုဖြစ်ပေါ်ကာ သဘာဝ အလျောက် ပေါများ ရှင်သန် ကျက်စားနေသည့် ဂုံးကောင်များ၊ သဘာဝဖြစ်ထွန်းနေသော ကျောက်သံပင် များ ပျက်စီး၍ ငါးဖမ်းဆီးရရှိမှု နည်းလာသည့်အတွက် ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်း ကျောင်းမှု ကိုပါ ထိခိုက်ခဲ့ခြင်း၊ ဂုံးသောင်မြေယာ ဖော်ထုတ်ရေးစီမံကိန်း တန်ဖိုးနည်းမြေယာ ဖော်ထုတ်ခြင်း လုပ်ငန်းတွင် စာချုပ်သဘောတူချက်တွင်မ ပါဝင်ဘဲ ကုန်ကျစရိတ်နှင့် နစ်နာကြေးအကြောင်းပြကာ ငွေကျပ် ၅၃၅ သန်းကျော်ကို ကုမ္ပဏီသို့ ပေးအပ်ခဲ့ခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီတစ်ခုကို နိုင်ငံပိုင်အဆောက်အဦ သုံးလုံးကို ကုမ္ပဏီ၏ အချက်အလက်များကို သေချာစွာ စိစစ်မှုမရှိဘဲ ဒေသခံများ အလုပ်အကိုင်ရရှိရေး ခေါင်းစဉ်ဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြု ခဲ့ခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင် ရွက်မှု အခြေအနေကို စိစစ်မှုမရှိဘဲ အဆောက်အဦ ပြင်ဆင်ရန် အတွက် အကြောင်းပြကာ အမှန်တကယ် ပြင်ဆင်မှုမရှိဘဲ စုစုပေါင်း ငွေကျပ် ၅၅ သန်းကျော်ကို ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ ကြေး ပေးအပ်ခဲ့ခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း မရှိသော်လည်း အဆောက် အဦ သုံးလုံးကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အဆောက်အဦများ ပြန်လည်အပ်နှံစေရေး ဆောင်ရွက်မှု မရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းဖွင့်လက်ကျန် ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ပါ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နယ်၏ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသို့ လွှဲပြောင်းထည့်သွင်း ခဲ့မှုမရှိဘဲ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ဆက်လက် သုံးစွဲခဲ့သည့်အတွက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ပြည်နယ်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင် ခြင်းမရှိသည့် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော ဈေး (၅)ဈေး တည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ပါ တင်ဒါဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ တောင်ကုတ်မြို့ မြို့မဈေး တင်ဒါအောင်မြင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြင့် စာချုပ် ချုပ်ဆိုရာတွင် တင်ဒါအောင်မြင်သည့် ဈေးနှုန်း တန်ဖိုး ငွေကျပ်သန်း ၁၄၅၀ ကျော်ဖြင့် စာချုပ် ချုပ်ဆိုခြင်းမရှိဘဲ တင်ဒါသတ်မှတ်ချက်ဈေးနှုန်း တန်ဖိုးကျပ် သန်း၁၅၇၀ ကျော်ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စာချုပ် ချုပ်ဆိုစေခဲ့ခြင်း၊ ပထမအရစ် ၂၅ ရာခိုင်နှုန်း ငွေကျပ် သန်း ၃၉၀ ကျော်ကို ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် ဆောက်လုပ်ရေးကုမ္ပဏီကို ထုတ်ပေးခဲ့ရာ ငွေကျပ် သန်း ၃၀ ကျော်ကို ပိုမိုထုတ်ပေး ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ်သန်း ၃၀ ကျော်ကို ဆုံးရှုံးစေခဲ့ခြင်း ဖြစ်သည့်ပြင် တောင်ကုတ်မြို့မဈေးသည် ယနေ့ အချိန်အထိ မြေပြင်၌ ပျက်စီးယိုယွင်း နေသည့် အခြေအနေအဖြစ် တည်ရှိနေခြင်းတို့ကြောင့် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ် ဟောင်း ဦးညီပုနှင့် ပြည်နယ်ဝန်ကြီး ဟောင်းများ ဖြစ်ကြသည့် ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း၊ ဦးမင်းအောင်နှင့် ဦးကျော်လွင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြား ချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)