Skip to main content

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အကြမ်းဖက်သောင်းကျန်းသူများက ဆင်ခြင်တုံတရားကင်းမဲ့၊ ရက်စက် ယုတ်မာစွာ လုပ်ကြံပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ ဩဂုတ် ၁၂

 

အကြမ်းဖက်သူများသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသော အစွန်းရောက် အကြမ်းဖက်လိုသူများ၏ မြှောက်ပင့် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ၎င်းတို့နှင့်နည်းတူ အကြမ်းဖက်မှု လုပ်ရပ်များကိုလိုက်ပါ လုပ်ဆောင်ခြင်းမပြုဘဲ အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏ စွဲကာ ရက်စက်ယုတ်မာစွာဖြင့် ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

 

ထိုသို့ချောင်းမြောင်းလုပ်ကြံခြင်းများ ပြုလုပ်ခဲ့ရာတွင် သြဂုတ်လ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများ၏ ဆင်ခြင်တုံတရား ကင်းမဲ့၊ ရက်စက်ယုတ်မာစွာ လုပ်ကြံပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးငယ် ၁ ဦးသေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးငြိမ်းချမ်း (၂၆)နှစ်၊ (ဘ)ဦးပြည့်စုံသည် ၎င်း၏နေအိမ်ရှေ့ လမ်းဘေး၌ မုန့်ဟင်းခါးရောင်းချရန်အတွက် (၈)လအရွယ် သမီးဖြစ်သူ မငြိမ်းငြိမ်းအား ရင်ခွင်ပိုက်ကာ ဆိုင်ခင်းကျင်းပြင်ဆင်နေစဉ် အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူ အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး “မုန့်ဟင်းခါး ရပြီလား” ဟု မေးမြန်းကာ ၎င်းတို့ ၄ ဦး အနက်မှ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ၄ ချက်ခန့်ပစ်ခတ်၍ ဆိုင်ကယ် များဖြင့် မောင်းနှင် ထွက်ပြေး သွားခဲ့သည်။

 

ထိုကဲ့သို့ အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ယုတ်မာစွာ လုပ်ကြံပစ်ခတ်ခဲ့မှုကြောင့် (၈)လအရွယ် မငြိမ်းငြိမ်း၏ နဖူးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးငြိမ်းချမ်း၏ ယာဘက်လက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်နှင့် အဆိုပါဆိုင်သို့ မုန့်ဝယ်ရန်ရောက်ရှိနေသော တစ်ရပ်ကွက်တည်းနေ ဒေါ်တင်တင်မာ (၅ဝ)နှစ်၊ (ဘ)ဦးထွန်းလှ၏ ယာဘက်ခြေထောက်ခြေမျက်စိ ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သည်။

ထိုသို့ အပြစ်မဲ့ အသက်(၈)လအရွယ် ကလေးငယ်အား သေဆုံးအောင်သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသည့် အစွန်းရောက်အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းရှာဖွေလျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ရက်စက်ယုတ်မာစွာ လုပ်ကြံပစ်ခတ်ခဲ့သည့် အစွန်းရောက်အကြမ်းဖက် သမားများအား မိမိတို့ပတ်ဝန်းကျင်တွင် တွေ့ရှိရပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ သတင်းပေးပို့နိုင်ပါရန် မေတ္တာရပ်ခံထား ရှိကြောင်း သတင်းရရှိသည်။