နေပြည်တော်၊ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသော တာဝန်သိ ကျေးရွာသားများအား အကြမ်းဖက်သူများက ဖမ်းဆီးတုတ်နှောင်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည်များဆောင်ရွက်ရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၉ ရက်တွင် ကျေးရွာသားများဖြစ်ကြသည့် ဦးတင့်လွင်(ဘ)ဦးပိုက်၊ ဦးစန်းလွင် (ဘ)ဦးစိန်သောင်း၊ ဦးကျော်နိုင်(ဘ) ဦးတင့်ဆွေ၊ ဦးကျော်စိုး(ဘ) ဦးတင်ဆောင်၊ ဦးအောင်ဇေယျ(ဘ)ဦးချစ်တီးတို့ ၅ ဦးသည် အဆိုပါစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင် နေစဉ် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် ၁ စီးဖြင့် အကြမ်းဖက်သူ ၆ ဦးခန့်ရောက်ရှိလာပြီး ၎င်းတို့အား လက်ပြန်ကြိုးတုတ်၍ မြေကြီးပေါ်မှောက်ခိုင်းခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သူများက အဆိုပါဂိတ်၌ အစောင့် ၂ ဦးထားရှိပြီး ကျန်သူများက ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်သို့ သွားရောက်ကာ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူအား ရှာဖွေခဲ့ကြောင်း၊ တွေ့ရှိခြင်းမရှိသဖြင့် စစ်ဆေးရေးဂိတ်သို့ ပြန်လည်ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် ရွာသားများ အနက်မှ ဦးအောင်ဇေယျ အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပခုက္ကူ-မြိုင်သွား ကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်ဇေယျတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ၎င်း၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မြိုင်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်