Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လတာ ခရီးမှတ်တိုင်

ဇူလိုင်လကုန် နံနက်ခင်းသည် မိုးစက်ပွင့်တို့ဖြင့် အလှဆင်ထားသည်။ ရပ်ကွက်ရုံးအချို့၊ စုရပ်အချို့တွင် အသက် ၆၅ နှစ်အထက် အဘိုး၊ အဘွားတို့က စောင့်ဆိုင်းနေကြပြီ။ အများအကျိုး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးအတွက် စေတနာထားထမ်းရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ရဟန်း၊ သီလရှင်၊ ဘာသာရေးအဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များကလည်း ရောက်ရှိနေကြသည်။ “ခါးလေးထောက်ပေးပါ ခင်ဗျာ” ဟူသော ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်း၏စကားအဆုံးတွင် အဘိုး၊ အဘွားတို့ ငြိမ်သက်စွာကာကွယ်ဆေးထိုးနှံရန် အသင့်ဖြစ်နေကြပါပြီ။ ။
 
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကို အခြားသောနိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင် တွေ့ကြုံ ခံစားနေကြရသည်။ ဇူလိုင်လသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့် ခြောက်လပြည့် မြောက်သည့်လဖြစ်သကဲ့သို့ ပြည်သူအားလုံးအတွက် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းပြင်းထန်ထန်အရိုက်ခတ်ခံခဲ့ရသည့် လတစ်လလည်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးလျက် ရှိသည်ကိုလည်း မြင်တွေ့ရပါသည်။
 
CDM ကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးချိန် ရှိသမျှအင်အားကို စုစည်းကာ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ ပရဟိတစေတနာ ရှင်လုပ်အားရှင်များက ကိုဗစ် - ၁၉ ရောဂါ ကို ရှေ့တန်းမှ စုပေါင်းကာကွယ်ပေးလျက်ရှိကြသည်။ နိုင်ငံတော်ကလည်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဇူလိုင်လတစ်လတည်းမှာပင် ညှိနှိုင်းအစည်းအဝေး ပေါင်း ငါးကြိမ်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစည်း အဝေးတစ်ကြိမ်တို့ဖြင့် အရေးကြီးသည့်မူဝါဒများ ချမှတ်ခြင်း၊ ချက်ချင်းအကောင်အထည်ဖော်ရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ရုံးများ၊ ကျောင်းများကို အချိန်မီ ပိတ်ထားလိုက်ခြင်း၊ အောက်ဆီဂျင် လိုအပ်ချက်ကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်တင်း ပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကုသခြင်း စသည်တို့အတွက် ကွာရန်တင်းစင်တာများ၊ ကိုဗစ်စင်တာများကို ရက်ပိုင်းအတွင်း အမြန်ဆုံး တိုးချဲ့ဖွင့်လှစ်ခြင်း၊ ရောဂါထပ်မံ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည့် အရေးအကြီးဆုံးလုပ်ဆောင်ချက် ဖြစ်သည့် ပြည်သူလူထု ကို ကာကွယ်ဆေးအမြန်ဆုံး ထိုးနှံ လွှမ်းခြုံနိုင်ရေးစသည့် လုပ်ဆောင်ချက်များကို တစ်လတာအတွင်း အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်ကို မြင်တွေ့ရပါသည်။
 
နိုင်ငံတော်အကြီးအကဲ၏ တာဝန်ယူဆောင်ရွက်ချက်များ
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၃ ရက် တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများ နေ့အထိမ်းအမှတ်အခမ်းအနားသို့ Video Message ဖြင့် အမှာစကားပေးပို့ခဲ့ပြီး မြန်မာအမျိုးသမီးများ၏ အစွမ်းအစကို မြှင့်တင်နိုင်စေရေးနှင့် မျိုးဆက်သစ် မြန်မာအမျိုးသမီးများ၏ဘဝ လုံခြုံရေးနှင့် စွမ်းရည်မြင့်မားရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြစေရေး တိုက်တွန်းခဲ့ပါသည်။
 
ဇူလိုင်လ၉ ရက်က ကျင်းပသည့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများ မြှင့်တင်ရန်၊ ကုသခြင်း၊ ရောဂါကာကွယ်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ရန်နှင့် လူမှုရေးအသင်းအဖွဲ့၊ ပရဟိတ စိတ်ရှိသူများနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ပါသည်။ ရောဂါကာကွယ်။ ထိန်းချုပ်၊ ကုသရေးဆိုင်ရာနှင့်ပတ်သက်၍ ဘဏ္ဍာငွေသုံးစွဲရာတွင် ကန့်သတ်ချက်ထားခြင်းမရှိဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွား နေသူများအတွက် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းရန်၊ ဆေးရုံသို့ အချိန်မီရောက်ရှိရန်နှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ထိရောက်စွာ အမြန်ဆုံး အကောင်အထည်ဖော်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
 
ဒုတိယအကြိမ်မြောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၂ ရက်တွင် ထပ်မံကျင်းပခဲ့ပြီး ရောဂါကူးစက်မှု သံသယရှိပါက အဆင့်ဆင့်ဆက်သွယ်ဆောင်ရွက်ရန် အစီအမံများကို ပြည်သူလူထုအကြား နားလည် သဘောပေါက်စေရေး၊ ကျန်းမာရေးနှင့်လျော်ညီသည့်နေရာများတွင် သီးသန့်နေထိုင်ကြရေးနှင့် အောက်ဆီဂျင် လိုအပ်မှု၊ ဖြည့်တင်းပေးနေမှုနှင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ပြည့်မီ ရေးအစီအမံများ ချမှတ်ရေးဆွဲနိုင်ခဲ့ပါသည်။
 
တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်တွင် ကျင်းပခဲ့ရာ၌လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နှင့် အရပ်ဘက်ဆေးရုံများ၊ နေရာဌာနများ၌ လူဦးရေ ၆၉၀၀၀ ကျော်အတွက် စင်တာ ၁၉၃၄ နေရာခန့် ပြင်ဆင်ထားရှိပြီး ပိုးတွေ့ လူနာ များနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာတွင် လူဦးရေ ၄၆၀၀၀ ထားရှိနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် လူစုလူဝေးပြုလုပ်မှု၊ လူအများ စုရုံးနေမှု လျော့နည်းလာသည် ကို မြင်တွေ့ရသဖြင့် သတ်မှတ်စည်းကမ်းများ လိုက်နာကြသည့် အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ် နိုင်ရေး၊ ကူးစက်မှုလျော့ကျနိုင်ရေး၊ ကျန်းမာရေးအပါအဝင် ပြည်သူ့ဝန်ထမ်းများ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး၊ ပြည်သူလူထုသို့ ကျန်းမာရေးအသိပညာများကို ထိထိရောက် ရောက် ဖြန့်ကြက်ရောက်ရှိစေရေး၊ ဝေးလံခေါင်ဖျား ဒေသများအထိ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အောက်ဆီဂျင်၊ ဆေးဝါးလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရေးအပါအဝင် ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြဖို့လိုအပ်ကြောင်း ထည့်သွင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပါ သည်။
 
စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်က ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တစ်ဖက်က ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်တချို့ကလည်း CDM လုပ်ထားတဲ့အတွက်ကြောင့် မလာကြဘူး။ ကျွန်တော်လည်းအကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်။ ခင်ဗျားတို့လာကြပါ။ ဒါလူမှုရေးကိစ္စဖြစ်တယ်။ နိုင်ငံ့အရေးကိစ္စဖြစ်တယ်၊ အမျိုးသားရေးကိစ္စ ဖြစ်တယ်၊ ကူညီရအောင်ပြောတယ်၊ တချို့ လည်း လာကြတာရှိတယ်၊ တချို့ လည်း အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်တာလည်း ရှိပါတယ်၊ ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံပါ တယ်...ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောလိုပါတယ်”ဟု ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရှိရပြီး ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အပါအဝင် အခြားအစီအမံများကိုလည်း အဆိုပါ အစည်းအဝေး အတွင်း ချမှတ်နိုင်ခဲ့ပါသည်။
 
ဇူလိုင်လ၂၆ရက်က ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောက်ရှိလာသည့် ကာကွယ်ဆေးများအား ဦးစားပေးသတ် မှတ်ချက်များအလိုက် အမြန်ဆုံး ထိုးနှံပေးနိုင်ရေး ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ကြရန်အတွက် လမ်းညွှန်မှာကြား၍ အစီအမံများ ချမှတ်ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးတွင် ကိုဗစ်စင်တာများ၊ စမ်းသပ်စစ်ဆေးရေးစင်တာ များကို တိုးချဲ့ဖွင့်လှစ်ရန်၊ အောက်ဆီဂျင်လိုအပ် ချက်ပြည့်မီစေရန်၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များကို နယ်ပယ်များသတ်မှတ်၍ ဦးစားပေးအဆအလိုက် စနစ်တကျ ထိုးနှံနိုင်ရေး အတွက်အစီအစဉ်များ ချမှတ်နိုင်ခဲ့သည်။
 
ဇူလိုင်လ ၂၇ ရက်က ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ တွင် အာဆီယံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တို့တွင် အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု တိုးတက်အောင်၊ ကာကွယ်ဆေးများ အမြန်ဆုံး ရောက်ရှိအောင်နှင့် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ' အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။
 
နိုင်ငံတကာသို့ သံတမန်ရေးအလေးထားဆက်ဆံ
 
အာဆီယံ - ရုရှား နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဇူလိုင်လ ၆ ရက်က ဗီဒီယို ကွန်ဖရင့်ဖြင့်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ရှင်းလင်း ပြောကြားရာတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းရေး၊ ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးမှုမှ စီးပွားရေးပြန်လည် ထူထောင်နိုင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မိမိတို့နိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ပါ သည်။
 
ရုရှားဖက်ဒရေးရှင်းနိုင်ငံ MGIMOတက္ကသိုလ် မှ မြန်မာ့ရေးရာကျွမ်းကျင်ပညာရှင် တွဲဖက် leo Mrs. Kseniya Alexandrovna Efremova နှင့် ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Balochnikov Anatony Mikhainovich တို့ကို တွေ့ဆုံမေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်များနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှု၊ လာမည့်အနာဂတ် လူမှုစီးပွားပေါင်းစည်းမှု အလားအလာအပေါ် သုံးသပ်ဆွေးနွေး ခဲ့သည်ကိုလည်း ပြည်သူများသိရှိလာစေရန်အတွက် နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြနိုင်ခဲ့ပါသည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအထူးအစည်းအဝေးသို့ ဇူလိုင်လ ၁၄ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုး သွားရန် တိုက်တွန်းပြောကြားခဲ့ သည်။
 
(၁၁) ကြိမ်မြောက် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်၌ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားနိုင်ခဲ့ပါသည်။ (၅၄) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးများ၊ အာဆီယံ၏ (၂၁) ကြိမ် မြောက် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးစသည့် နိုင်ငံတကာအစည်းအဝေးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
 
နိုင်ငံတကာဖိအားများကို တွန်းလှန်ကာကွယ်
 
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင်လ၂ ရက် ရက်စွဲဖြင့် တိကျခိုင်လုံမှုမရှိ၊ အချက်အလက်များ အပေါ် စိစစ်မှုမရှိဘဲ ထုတ်ပြန်ပြောဆိုမှုများအတွက် ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်အဖွဲ့မှရရှိသည့် အတည်မပြုနိုင်သည့် အချက်အလက်များအပေါ် အခြေခံ၍ ဇွန်လ ၂၉ ရက်က ပြောဆိုခဲ့မှုများအပေါ် ပြင်းထန် စွာကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် အကြမ်းဖက်အဖွဲ့ NUG ဝက်ဘ်ဆိုက်အား အသိအမှတ်ပြု ချိတ်ဆက်ထားခြင်းအပေါ် ကန့်ကွက်ထားပြီးဖြစ်သကဲ့သို့ ကုလသမဂ္ဂအနေဖြင့် သတင်းထုတ်ပြန်မှုနှင့် ရှင်းလင်းမှုများတွင် တိကျခိုင်လုံမှုမရှိသည့် အချက်အလက်များအပေါ် စိစစ်မှုမရှိ တစ်ဖက်သတ် ပြောဆိုခြင်းမပြုလုပ်ရန်နှင့် ယင်းသို့ မပြုလုပ်မီ သက်ဆိုင်ရာ အစိုးရများနှင့် ချိတ်ဆက်အတည်ပြုမှု အထူးလိုအပ်ပါကြောင်း ဖော်ပြထားသည်။
 
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့ နှုတ်ဖြင့်အစီရင်ခံစာ တင်သွင်းမှုနှင့် ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်င ံမပါဝင်ဘဲ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုမှုများသာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်းနှင့် အစီရင်ခံစာ တင်သွင်းသူသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့် တိုက်တွန်းတောင်းဆိုချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စသည်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် တစ်စောင်ကို ဇူလိုင်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
 
ဇူလိုင်လ ၁၃ ရက်ကထုတ်ပြန်သည့် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်မူ ဖေဖော်ဝါရီလအတွင်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သည့် ဦးကျော်မိုးထွန်းက ကုလ သမဂ္ဂ၏ အစည်းအဝေးများတွင် တက်ရောက် ဆွေးနွေးမှုများသည် တရားဝင်ခြင်းမရှိကြောင်းနှင့်သူသည် နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုနှင့် အခြားသောပြစ်မှုများအရ တရားစွဲဆို ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ကြောင်း၊ တရားရင်ဆိုင်ရေးနှင့် မြန်မာကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ နိုင်ငံနှင့် အဖွဲ့အစည်းများထံ တရားဝင်အကြောင်း ကြား ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အနေဖြင့် အိုအိုင်စီမှတင်သွင်းသည့် အဆို (မူကြမ်း) အား လက်မခံပယ်ချကြောင်း သဘောထား ထုတ်ပြန်ချက်ကို ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ဂျီနီဗာမြို့၌ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဇူလိုင်လ ၁၂ ရက်က အိုအိုင်စီက တင်သွင်းခဲ့သည့် ရိုဟင်ဂျာ ဆိုသူ မွတ်စလင်များနှင့် အခြားသောလူနည်းစု များ၏ အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင်ရာမြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းအပေါ် မြန်မာ နိုင်ငံက လက်မခံနိုင်သည့်သဘောထားကို ထုတ် ပြန်ထားခြင်းပင် ဖြစ်ပါသည်။
 
အကြမ်းဖက်အုပ်စုမှ ဇော်ဝေစိုးသည် ပြင်သစ် အစိုးရပိုင်ရုပ်သံသတင်းဌာန France 24 နှင့် ဇူလိုင်လ ၁ ရက်က တွေ့ဆုံမေးမြန်းခြင်းပြုလုပ် ခဲ့ပြီး အကူအညီမဲ့နေသည့် မြန်မာပြည်သူများ သည် မိမိကိုယ်ကို ခုခံသည့်နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းများကို အသုံးမပြုနိုင်တော့ ကြောင်းနှင့် နိုင်ငံတကာကကူညီရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။ ဇော်ဝေစိုး၏ ပြောကြားချက်များသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်သူများ၊အား ခုခံကာကွယ် ပြောဆိုခဲ့ပြီး အားပေးအားမြှောက် ပြုလုပ်နေခြင်းလည်း ဖြစ်ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး ယင်းသို့တွေ့ဆုံ မေးမြန်းသည်ကိုလည်း မြန်မာနိုင်ငံက ကန့်ကွက် ကြောင်းသတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၇ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား ခဲ့သည်။
 
ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်တားဆီးရန် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံက အစိုးရနှင့် ပြည်သူ လက်တွဲတွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်း ကွဲပြားမှုများနှင့် သံသယများဖြစ်ပေါ်စေရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာရှုတ်ချခြင်းဆိုင်ရာ သတင်းထုတ်ပြန် ချက်တစ်စောင်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။ အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်က နယူးယောက်မြို့တော်ကျင်းပခဲ့ပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်လုပ်ကြံဖန်တီးထားသည့် တစ်ဖက်သတ် သတင်းအချက်အလက်များကို အခြေခံဆွေးနွေးခဲ့သည့်အပြင် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားသည့် NUG နှင့် ဆက်စပ် သူများပါဝင်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် ၎င်းတို့ပါဝင်တက်ရောက်မှုနှင့် ဆွေးနွေးပြောကြား ချက်များကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် သဘောထားတို့ကို ရှင်းလင်းပြတ်သားစွာ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
 
(ဆက်လက်ဖော်ပြပါမည်)
ကနောင်