ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၇၂ /၂၀၂၁ ၊
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ် ကုသနိုင်ရန်အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေသည့် တရားခံများကို ထောက်ထားညှာတာသည့်အတွက် လည်းကောင်း သတ်မှတ်ထားသည့်ပြစ်မှုများကို အမှုမှလွှတ်ရန် ၂၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၁၄၇/၂၀၂၁ ကို ထုတ်ပြန်၍ အမှုမှလွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ရန်နှင့် ကျန်ရှိနေသည့် ချုပ်ရက်ရှည်ကြာ နေသော တရားခံများကိုသတ်မှတ်ချက်များနှင့်အညီသက်ညှာစွာဖြင့် အမှုပိတ်သိမ်းပေး နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၂။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပါပြစ်မှုများ (အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏အပိုဒ် ၂(စ)နှင့် (ဆ)ပါပြစ်မှုများမပါ)၊ မတရားအသင်းအက်ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အကြည်အညို ပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)အရ စွဲဆိုထားသောအမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထား စွဲဆိုထားသောအမှုများ၊ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက လုံလောက်သောအကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းမပြုသင့်ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားသည့် အမှုများမှအပ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်။
၃။ သို့ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ဦးဦးအားထိခိုက်နစ်နာစေသည့်ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူပုဂ္ဂိုလ်များ၏ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးနစ်နာစေသည့် ပြစ်မှုများနှင့် စပ်လျဉ်း၍ ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုကိုပိတ်သိမ်းခြင်းမပြုလိုကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်း မရှိမှသာ အဆိုပါအမှုကို ပိတ်သိမ်း၍ တရားခံအားလွှတ်ရမည်။ ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း လျှောက်ထားသည့်အခါ သက်ဆိုင်ရာတရားရုံးသည် ရောက်ရှိသည့်အဆင့်မှစ၍ အမှုကို ဆက်လက်စစ်ဆေးရမည်။ ကိုယ်တိုင်ထိခိုက် နစ်နာသူ ဆိုသည်မှာ နှစ်နာသူကိုယ်တိုင်၊ နှစ်နာသူ၏ တရားဝင်ဇနီး၊ ခင်ပွန်းနှင့် သားသမီးတို့ကို သာဆိုသည်။ နစ်နာသူ အိမ်ထောင်မရှိပါက နစ်နာသူကိုယ်တိုင်နှင့် နစ်နာသူ၏ မိဘ၊ မောင်နှမများကိုဆိုသည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး