Skip to main content

ချင်းပြည်နယ်အတွင်း ဒေသဝမ်းစာစပါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော် သြဂုတ် ၉

ချင်းပြည်နယ်အတွင်း ဒေသဝမ်းစာစပါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အ ထည်ဖော်ဆောင်ရွက် သွားနိုင်ရေးအတွက် သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်၏ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ချင်းပြည်နယ်အတွင်း ဝမ်းစာစပါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေး လုပ်ငန်းများအဖြစ် မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေး ခြင်း၊ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း၊ တောင်စောင်းစိုက်ပျိုးနည်းစနစ်(SALT) ကျင့်သုံးနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့်  ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူအတွက် အကျိုးအမြတ် ရရှိစေမည့် သီးနှံပုံစံများချမှတ်ပေးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍ,နှစ်တွင် ရွှေရင်အေး မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed-RS) မှ စီးပွါးဖြစ်မျိုးသန့်မျိုးစေ့(Certified Seed-CS) မျိုးစပါး ထုတ်လုပ်စိုက်ပျိုးခြင်းကို ဖလမ်းခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်(၃)ခရိုင် ရှိ မြို့နယ် (၈)မြို့နယ်၌ (၈၃)ဧက အကောင် အထည်ဖေါ် ဆောင်ရွက်ပေးခဲ့သဖြင့်  ရွှေရင်အေးစပါး (CS)မျိုးသန့်မျိုးစေ့ တင်း (၆၃၂၀) ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးရွာ(၂၂)ရွာအတွက် မျိုးစပါးများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍအတွက် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေးအဖြစ် ဒေသနွားနှင့်နွားနောက် ၂၇၅ ကောင်ကို ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နွားမွေးမြူမှုဖွံ့ဖြိုးလာရေးအတွက် ဒေသနွားမျိုးများကို မျိုးမြှင့်သားစပ်ပေးခြင်းနှင့် နွားနောက်မွေးမြူရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအတွက် နေဗီယာမြက် နှင့် မွန်ပါးစားမြက်(၁၉)ဧက စိုက်ပျိုးနိုင်ရေး နှင့် မြို့နယ် (၆)မြို့နယ် ၌ (၁၀)ဧက တိုးချဲ့ စိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ ချင်းပြည်နယ်တွင်မွေးမြူနိုင်သည့် ဆိတ်မျိုးများ ဆန်းစစ်ခြင်း၊ မျိုးဖြန့်ခြင်း၊ မွေးမြူရေးနည်းစနစ် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး စစ်ကိုင်းတိုင်းဒေသကြီးများမှ  ငါးများ တင်ပို့နေရပြီး ရေရှည်တွင် ဒေသအတွက် ငါးရိက္ခာ ဖူလုံ စေရန်ဆောင်ရွက်လျက်ရှိရာ ရမ်ထလိုစခန်း နှင့် ခိုင်ကမ်စခန်းများမှ ငါးသားပေါက်ကောင်ရေ ၆၅၀၀၀၀ ထုတ်လုပ်လျက်ရှိပြီး သဘာဝမြစ်ချောင်းများ ဆည်ကန်များအတွင်း  ယနေ့အထိ ငါး သောက်ပေါက် ကောင်ရေလေးသိန်းလေးသောင်းကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီမင်းတပ် တွင် ငါးသားပေါက်စခန်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)