နေပြည်တော် ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၇ ရက် နံနက် ၆ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါဟိုခို ကျေးရွာရှိ အိုက်ကွမ်း(ခ)အိုက်လာ၏ဂိုဒေါင်ကို သတင်းအရရှာဖွေရာ အိုက်ကျိုင်း(၄၀)နှစ်၊ စိုင်းအင်(၁၅)နှစ်တို့နှင့်အတူဒေသကာလတန်ဖိုးငွေ ၂ ဒသမ ၁၃ ဘီလီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၄၀၀ အလေးချိန် ကီလို ၁၄၀ ၊ အိုက်စ် ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ နှင့် အမ် ၁၆ သေနတ် ၁ လက်၊ ၁၂ ဗို့သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၁၂၃ တောင့် ၊ ထော်လာဂျီယာဉ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အိုက်ကွမ်း(ခ)အိုက်လာ နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က)အုပ်စု၊ ပါခါကျေးရွာရှိ နေအိမ်ကို နံနက် ၇ နာရီ ခန့်တွင် ဆက်လက်ရှာဖွေရာ မော်တော်ယာဉ် ၃ စီး ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်