Skip to main content

သန်လျင်၌ တစ်နေ့လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုးအလုံး ၄၀၀ ဖြည့်တင်းပေးနိုင်မည့် Oxygen Plant မှ စတင်ထုတ်လုပ်

နေပြည်တော် ဩဂုတ် ၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ကို ပိုမိုဖြည့်တင်းပေးနိုင်ရန်အတွက် သန်လျင် တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် KZO100 အမျိုးအစား Oxygen Plant အား ဇူလိုင် ၂၁ ရက်မှစတင်၍ တပ်မတော်(ရေ)မှ အင်ဂျင်နီယာ များဖြင့် တပ်ဆင်စမ်းသပ်မောင်းနှင်ခဲ့ရာ ယနေ့တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ စတင်ထုတ်လုပ် ဖြည့်တင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခင် ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ အောက်ဆီဂျင်စက်ရုံနှင့် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)တို့မှ တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ဆုံ အလုံး ၁၅၀ ခန့်အား ထုတ်လုပ်ကူညီ လှူဒါန်းလျက်ရှိရာ ယခုအချိန်တွင် အောက်ဆီဂျင် စက်ရုံအသစ်မှတစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အလုံး ၄၀၀ ထွက်ရှိမည်ဖြစ်ပြီး စုစုပေါင်း တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အလုံး ၅၅၀ ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အောက်ဆီဂျင်စက်ရုံအသစ် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေသည့် ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကိုဗစ် ၁၉ ရောဂါ ကုသရေးစင်တာများ၊ အရပ်ဘက်ပရဟိတ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားအောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ ထံသို့ ယခင်ထက် ပိုမိုကူညီထောက်ပံ့ ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်