Skip to main content

အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ မတ္တရာမြို့၌ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၈

နိုင်ငံတော်အစိုးအရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် ကာလအတွင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို လစဉ် တိုးမြှင့်ရပ်ဆိုင်းပေးလျက်ရှိသည်။

ထိုသို့ရပ်ဆိုင်းပေးထားသည့် ကာလများအတွင်း အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH၊ NUG အဖွဲ့များသည် ပြည်သူလူထုအပေါ်စာနာထောက်ထားမှုမရှိဘဲ အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြသည့်အပြင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှ လက်နက်၊ခဲယမ်းဗုံးသီးများကို နည်းမျိုးစုံဖြင့် သယ်ယူ၍ အကြမ်းဖက်လုပ်ရပ်များကို ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ၈ လေးလုံး အထိမ်းအမှတ်အဖြစ် ယနေ့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဗုံးဖောက်ခွဲမှုများကို နိုင်ငံအဝှမ်း၌ လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း ကြိုတင်သတင်းများရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် လုံခြုံရေးတင်းကြပ် ဆောင်ရွက်စစ်ဆေးမှုများ ပြုလုပ်၍ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ လုံခြုံရေးဆိုင်ရာ တင်းကြပ်၍ လိုအပ်သည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တံငါတောင်ကျေးရွာနေ အောင်ကိုမင်း(ဘ) ဦးသန်းညွန့် မောင်းနှင်၍ အာကာဖြိုး(ဘ)ဦးဘရွှေ လိုက်ပါလာသော ၉ဌ/——— ထော်လာဂျီအား မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ သင်္ချိုင်းအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် မိုးကာဖြင့်ပတ်၍ သယ်ဆောင်လာသည့် K-22 သေနတ် ၆၀ လက်၊ ၎င်းကျည် ၁၁ဝဝဝ တောင့်၊ကျည်အိမ် ၁၁၀ ခု၊ အီနာဂါ ဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး ၈၀ လုံး၊ Equipment ၆၀ စုံ၊ သေနတ်လွယ်ကြိုး ၂၁ ချောင်းတို့နှင့် ဖမ်းဆီးရမိခဲ့သည်။

ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးပြုလာမည့် လက်နက်ခဲယမ်းဗုံးသီးများကို အချိန်မီ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်နိုင်မှုများ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်လုပ်ရပ်များကို အချိန်မီကာကွယ်တားဆီး ပေးနိုင်ခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များနှင့် အခြားသတင်းဆက်စပ် ဖော်ထုတ်ချက်များအရ အထက်ပါ လက်နက်ခဲယမ်းများအား ဗျားကြီး၊ ဒေါင်းလန်း၊ သီဟ အပါအဝင် ၇ ဦးခန့်က နောင်ချိုဘက်မှ သရီကရောင်းယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အားလုံးသည် NLD ပါတီဝင် မင်းမင်း (မန္တလေးတိုင်းဒေသကြီး-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ပတ်သက်ဆက်နွယ်နေကြောင်း ကနဦးသိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိသူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် အခြားသက်ဆိုင်သည့် ဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက် သူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။