နေပြည်တော် ဩဂုတ် ၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု ကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
အဆိုပါလှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် (၁၉) ကြိမ်မြောက် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ၄၀ နှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန် အကြိမ် (၂၀)မြောက် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ထမ်းဆောင်မည့်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးကသွားရောက်ရမည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက တာဝန်ထမ်းဆောင် မည့်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အဆိုပါတာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များတွင် ဆေးကုသမှုပါရဂူ ငါးဦး၊ စိတ် ကျန်းမာရေး ပါရဂူ တစ်ဦး၊ မေ့ဆေးပါရဂူ ငါးဦး၊ ဓာတ်မှန်ပါရဂူ နှစ်ဦး၊ ဆေးမှူးဆရာဝန် ခုနစ်ဦး၊သူနာပြုအရာရှိ ၁၂ ဦး၊ အထက်တန်းသူနာ ပြုနှစ်ဦး၊ သူနာပြုကျွမ်းကျင်နှစ်ဦး၊ ဓာတ်ခွဲကျွမ်းကျင်နှစ်ဦး၊ ဓာတ်မှန်ကျွမ်းကျင်နှစ်ဦး စုစုပေါင်း ၄၀ ပါဝင်၍ ၎င်းတို့သည် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်ကုသရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ ကိုဗစ်-၁၉ ရောဂါ ကုသ ရေးဌာန (ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်