ရန်ကုန် ဩဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း၊ ပဲခူး တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တာဝန် ရှိသူများနှင့်အတူ ဩဂုတ် ၆ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ကြည့်ရှုစစ်ဆေး ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ တက္ကသိုလ်ဆေးရုံတွင် ဖွင့်လှစ်ထားသော ကိုဗစ်ကုသရေးစင်တာတွင် တည်ဆောက်မည့် အောက်ဆီဂျင်ထုတ်သည့်စက်ကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး တစ်ကိုယ်ရေသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပဲခူးမြို့ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး၍ ပဲခူးမြို့ ကလိဆေးရုံတွင် တည်ဆောက်ထားသော အောက်ဆီဂျင် ထုတ်သည့်စက်ကို ကြည့်ရှုစစ်ဆေးပြီး ကလိဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များကို အားပေးစကား ပြောကြားသည်။
ထို့နောက် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်ပြီးစီးထားသော Liquid Oxygen Tank နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထားသော တစ်ရက်လျှင်လီတာ ၄၀ဆံ့ အောက်ဆီဂျင် ဆလင်ဒါ ၅၀ ထွက်ရှိသော အောက်ဆီဂျင်ထုတ်သည့် စက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုများအားတွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ် သည်။ ထို့နောက် သနပ်ပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး ကဝမြို့နယ် သက္ကလတိုက်နယ်ဆေးရုံ တွင် တာဝန်ထမ်းဆောင်နေသောတိုက်နယ်ဆရာဝန် ဒေါက်တာဇင်ကိုလတ်နှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ၊ သုံးခွ မြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သဉ်နှင့် သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်