နေပြည်တော် ဩဂုတ် ၆
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများ ပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် စိတ်စေတနာ ပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက် ရှိသော စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ကိုလည်း နည်းမျိုးစုံဖြင့် ဦးတည်တိုက်ခိုက် လာသည်ကို တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၀/၂-၁)ကြား ကျောက္ကလပ်တံတားအနီး၌ လူနာတင်ယာဉ် ၁ စီးမိုင်းဖောက်ခွဲခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လိုရာပြည့် လူမှုကူညီရေးအသင်းမှ သိမ်ဇရပ်မြို့၊ မြို့မ(၁) ရပ်ကွက်နေ ကိုကျော်စွာဝင်း (၂၁)နှစ်(ဘ)ဦးတင်ထွန်းသည် အသင်းပိုင်လူနာတင် မော်တော်ယာဉ်ဖြင့် ကျိုက်ထိုမြို့မှ သူရလင်း (၂၆)နှစ် (ဘ)ဦးကျော်လင်းနှင့် ဦးမိုးအောင် (၅၃)နှစ် (ဘ)ဦးလှအောင်တို့အား သွားရောက် တင်ဆောင်၍ သိမ်ဇရပ်မြို့သို့ ပြန်လာစဉ် သိမ်ဇရပ်မြို့ဝင် ဆိုင်းဘုတ်အနီးအရောက် တရုတ်နိုင်ငံလုပ် ကြိုးဆွဲ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲခံရသဖြင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကြီး၊ ယာရှေ့နောက်မှန်ကြီး ၂ ချပ်တို့ ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲပြန်ကြား