နေပြည်တော် ဩဂုတ် ၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့တွင် Hotel Max အစည်းအဝေးခန်းမ၌ ဧည့်သည်အများဆုံး လာရောက်တည်းခိုသော ဟိုတယ်များဖြစ်သည့် Hotel Max၊ The Amara Hotel၊ Hotel 101 ဟိုတယ်များမှ အထွေထွေ မန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ Social Distancing စနစ်ဖြင့် သွားရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် Health & Safety Protocol နှင့်အညီ စနစ်တကျ ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပေးရာ တွင်လည်း အရည်အသွေး ကောင်းမွန်စွာ ပေးရန်လိုအပ်ကြောင်း၊ ဟိုတယ်သို့ လာရောက် တည်းခိုသည့် ဧည့်သည်များ အကြိမ်ကြိမ် ပြန်လည်တည်းခို လာရောက်နိုင်ရေး အတွက် မိမိတို့၏ ဝန်ဆောင်မှုဖြင့် ဆွဲဆောင်ရန် လိုအပ်ကြောင်းနှင့် အထူးသဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးနှင့်ပုဂ္ဂလိက တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းများသာမက အခြားသော လုပ်ငန်း အခက်အခဲများ ရှိပါကလည်း အချိန်မရွေး တင်ပြရန် ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ မန်နေဂျာနှင့် ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်