ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းသည် ပထမလှိုင်းနှင့် ဒုတိယ လှိုင်းတို့ထက်ပို၍ ပြင်းထန်သည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းနှင့် သေဆုံးသူဦးရေ တို့မှာ ယခင်လှိုင်းများထက် ပိုမိုမြင့်မားများပြားသည်။ ဤသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ မိမိတို့ နိုင်ငံထက် စီးပွားရေးအင်အားကြီးသည့် နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းသည့် နိုင်ငံ၊ နည်းပညာ ပိုမိုမြင့်မားသည့် နိုင်ငံများသည် ပင်လျှင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အလူးအလိမ့်ခံကြရသည်။
မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများအနက် ကူးစက်မှုမြန်ဆန်ပြီး ရောဂါပို၍ပြင်းထန်သည့် ဒယ်လ်တာ မျိုးကွဲသည်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည့်အတွက် တတိယလှိုင်း၏ ဒဏ်ကို ယခင်ထက် ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရခြင်းဖြစ်သည်။ အချိန်တိုအတွင်း ရောဂါပိုးတွေ့ရှိသူ အရေအတွက် ခုန်တက်သွားခြင်းက ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများ ရုတ်တရက် ပြည့်လျှံသွားစေပြီး ဆေးရုံခုတင်၊ ဆေးဝါး၊ အောက်ဆီဂျင်၊ ဆရာဝန် သူနာပြု လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ရသလို ပြည်သူလူထု အတွင်း၌လည်း ဆေးရုံများက လူနာများကို လက်မခံဘဲ နှင်ထုတ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံများကို အစိုးရနှင့်တပ်က လိုက်သိမ်းနေကြောင်း၊ ဆေးဆိုင်များကို ပိတ်ခိုင်းကြောင်း စသည်ဖြင့် သတင်းများလည်း ထွက်ပေါ်လာသည်။ ကိုဗစ်- ၁၉ ရောဂါ ကုသပေးမှုနှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွင်း သတင်းအမှားများနှင့် တို့မီးရှို့မီး သတင်းများ ကသာ ဖုံးလွှမ်းနေပြီး မှန်ကန်သည့်သတင်း၊ ပြည်သူလူထုသိသင့် သိထိုက်သည့် အချက်အလက်တို့ ရရှိမှုမှာ လွန်စွာအားနည်းနေခဲ့သည်။
"ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထိန်းချုပ်ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်းချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထုကြားမှာ အမျိုးမျိုးသော စုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံကင်းမဲ့စွာ၊ အကြံပက်စက်စွာ စည်းရုံးလှုံ့ဆော်နေမှုတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ် အသုံးပြုလာတဲ့ ဇီဝအကြမ်းဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါတယ်။” ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့်နေ့တွင် ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း အရှိန်မြင့်နေသည့်အချိန်တွင် အဖျက် အမှောင့်သမားတို့၏လုပ်ရပ်က ပြည်သူလူထုကို သားကောင်အဖြစ် အသုံးချကာ နိုင်ငံရေး အမြတ်ထုတ်ရန် မကြံကောင်းမစည်ရခကြံစည် ကြခြင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ တားဆီး ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ကာကွယ်ဆေးထိုးနှံခြင်းများသည် နိုင်ငံရေး တိုက်ကွက်များ မဟုတ်သလို ယင်းတို့ကို မလိုက်နာခြင်းနှင့် ကာကွယ်ဆေးမထိုးခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ် များကို ခံစားကြရမည့်သူများမှာ ပြည်သူများသာလျှင် ဖြစ်သည်ကိုသာမန်မျှသာ စဉ်းစားတတ်သူပင်လျှင် သိရှိနားလည်ကြသည်။ အကြမ်းဖက်သမားတို့အဖို့ အကြံကုန် ဂဠုန်ဆားချက် သည့်နှယ် ဇီဝ အကြမ်းဖက်သည့် လုပ်ရပ်မျိုးကို ပြုလုပ်လာကြခြင်းဖြစ်ရာ အဖျက် အမှောင့်လှုံ့ဆော်မှုဟူသမျှ ပြည်သူတို့က လက်မခံကြရန်နှင့် မိမိအတွက် အကျိုးရှိ၊ မှန်ကန်သည့် သတင်းကိုသာ ရယူကြရန်လိုသည်။
ယခုအခါ ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းမျဉ်း စည်းကမ်း လိုက်နာမှုတို့ အားကောင်းသည်နှင့်အမျှ ကျဆင်းမည့် အလားအလာများကို တွေ့မြင် နေရသလို ကာကွယ်ဆေး ထိုးနှံမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုလွှမ်းခြုံလျက်ရှိနေပြီ ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကို မဝေးတော့သည့် တစ်နေ့တွင် ထိန်းချုပ်တားဆီးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်