နေပြည်တော် ဩဂုတ် ၆
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် တို့သို့ သွားရောက်၍ ဘဏ်များ၌ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာနအဖွဲ့ အစည်းများသို့ လစာနှင့်အသုံးစရိတ်များ ထုတ်ပေးနေမှုနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဌာနအကြီးအကဲများနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မှာကြားသည်။
မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) သည် ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တပ်ရင်း တပ်ဖွဲ့များသို့ လစာထုတ်ပေးမှုနှင့် အသုံးစရိတ်များ ထုတ်ပေးနေမှုများကို ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ သီးခြားကောင်တာများ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများ၏ငွေစုဘဏ်အပ်ငွေ၊ စာရင်းရှင်အပ်ငွေ၊ စာရင်း သေအပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ စသည့် အပ်ငွေအမျိုးမျိုးကို လက်ခံခြင်းနှင့် ချေးငွေ အမျိုးမျိုးကို ထုတ်ချေးခြင်း၊ ပြည်တွင်းပြည်ပ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် ပြည်သူများ ငွေသွင်းငွေထုတ်မှု များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ လုံခြုံ စိတ်ချမှု အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)တွင် ဌာနအကြီးအကဲများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားရာ၌ ရုံးပိတ်ရက်ရှည် ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြားမှ ဘဏ်ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများနှင့်ဝန်ထမ်း လစာများကို အဆင်ပြေစွာထုတ်ပေးနိုင်ရေးအတွက် အချိန် နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုများ၊ စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်ရန် ဘဏ်နှင့်ဆက်သွယ်ဆောင် ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသို့ ဘဏ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက် ပေးနေမှုများအတွက် ဘဏ်ဝန်ထမ်းများအား အသိအမှတ်ပြုပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ တာဝန် ကျေပွန်စွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ရုံးချုပ်မှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး၊ ဘဏ်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်မှုများကို ကြည့်ရှု့စစ်ဆေးခြင်း၊ လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)