ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းနှင့် မင်းဓမ္မလမ်းမီးပွိုင့်အနီး အောင်သပြေရဲရိပ်သာဝင်းအတွင်း၌ ရေစီးရေလာစီမံခန့်ခွဲမှု ဌာနက ဆည်မြောင်း ချောင်းအတွင်းမှအမှိုက်၊ နုန်းနှင့်ဒိုက်များ ဆယ်ယူဆောင်ရွက်နေသည့် လုပ်ငန်း များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ ဇောတိကသင်္ကန်းတိုက်အနီး ရေတာရှည် လမ်းဘေး ရေနုတ်မြောင်း ဆယ်ယူရှင်းလင်းနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ရေတာရှည် လမ်းဟောင်းသို့ ဝင်ရောက်သည့် မြောင်းများနှင့် ပတ်ဝန်းကျင်ရှိ အမှိုက်များပါ ရှင်းလင်းသွားရန် မှာကြားသည်။ ထို့နောက် ကုက္ကိုင်းကန်မှ ရွှေတိဂုံဘုရားကန်သို့ ဆက်သွယ်ထားသော (၄၂) လက်မ ပိုက်လိုင်းပေါ်ရှိ Gate Valve ရေလုံအောင်ပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီး သဘာဝဉယျာဉ်သို့ သွားရောက်ပြီး အင်းလျားကန်မှ ရေသွင်း၍လဲလှယ်နေမှု၊ ဗဟန်းမြို့နယ်မှစီးဝင်သည့် မန်ကျည်းတန်းမြောင်း ရေထိန်းတံခါးတွင် အမှိုက်နှင့် နုံးများဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကန်တော်ကြီး ရေပြင် ကြည်လင်သန့်ရှင်းစေရေးအတွက် အင်းယားကန်မှရေသွင်းကာ ကန်တော်ကြီးမှရေဆိုးများ စွန့်ထုတ်နိုင်ရေးအတွက် တိရစ္တာန်ဥယျာဉ် ရေနုတ်မြောင်းသို့ စီးဝင်သည့်ရေထိန်းတံခါးဖွင့်ပေး၍ မိုးရွာပါက ရေထိန်းတံခါးပြန်ပိတ်ထားရန်၊ ကန်တော်ကြီး၏ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်ပန်းပင်များ ပြုစုထိန်းသိမ်းရန်နှင့် ကန်အတွင်းမှ ငါးများဆုံးရှုံးမှုမရှိစေရန် ကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)