ရန်ကုန် ဩဂုတ် ၄
UMFCCI နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်သော အောက်ဆီဂျင်အတွက် အောက်ဆီဂျင်အရည်ကို Tent to Tent ပြောင်းခြင်း၊ အောက်ဆီဂျင် ထုတ်လုပ်သောစက်များ ပြုပြင်ခြင်းနှင့် အောက်ဆီဂျင်ရရှိရေး ပေါင်းကူး ဆောင်ရွက် ခြင်းအပါအဝင် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်စက်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပြုထားရာ ရန်ကုန်မြို့အပါအဝင် အောက်မြန်မာ ပြည်သို့ ထိုင်းနိုင်ငံနှင့် အထက်မြန်မာပြည်သို့ တရုတ်နိုင်ငံတို့မှ ကာကွယ်ကုသရေးပစ္စည်းများ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။
“အလှူရှင်တွေအနေနဲ့ အောက်ဆီဂျင်အခက်အခဲဖြစ်တာကို သိမြင်ပြီးတော့ ဆက်ပြီးလှူဒါန်းကြ မယ်လို့ထင်ပါတယ်။ သြဂုတ်လ ကုန်ပိုင်းဆိုရင် မှာထားတဲ့စက်တွေ ပိုရောက်လာမယ်ဆိုတော့ အောက်ဆီဂျင် ပိုပြီးထွက်လာမှာပါ။ UMFCCI အနေနဲ့ အဓိကချိတ်ဆက်ဆောင်ရွက်မှုနဲ့ နည်းပညာ ပိုင်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ယာဉ်တွေရောက် လာတော့ Tent ထဲကိုထည့်ဖို့ အခက်အခဲဖြစ်ကြတယ်။ အရည်ကို Tent to Tent ပြောင်းတဲ့အခါမှာ အခုချောချောမောမောဖြစ်လာပါပြီ။ အောက်ဆီဂျင် အရည်သွင်းဖို့၊ စက်တွေပြင်ဖို့ လိုအပ်တဲ့နေရာ အောက်ဆီဂျင်ရောက်ဖို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ အားလုံးကျန်းမာရေးအသိနဲ့ သတိရှိပြီး သွားလာဖို့လည်းလိုပါတယ်” ဟု UMFCCI ၏ ဗဟို အလုပ်အမှုဆောင် ဦးအောင်ကြည်စိုးက ပြောသည်။
ရန်ကုန်မြို့မှအလှူရှင် Morther Trade ကုမ္ပဏီ၊ ရွှေဗျိုင်းဖြူ စက်သုံးဆီကုမ္ပဏီနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ရန်ကုန်မြို့သို့ ( အောက်ဆီဂျင်အရည် တန် ၂၀ ပါ ယာဉ် ၁၆ စီး ရောက်ရှိနေပြီး တန် ၂၀ ယာဉ်တစ်စီးလျှင် ငွေကျပ်သိန်း ၁၃၀ တန်ဖိုးရှိ၍ တစ်တန်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး အလုံး ၁၆၀ ထွက်ရှိကြောင်း သိရ သည်။ တရုတ်နိုင်ငံဘက်မှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်များ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ထိုင်းနိုင်ငံ ဗန်ကောက်မှ ဝင်ရောက်သော ယာဉ်များ ဂျိုင်းမြစ်ရေလျှံမှုကြောင့် သွားလာရေးအနည်းငယ်အခက်အခဲ ရှိသည်မှအပ နိုင်ငံအတွင်းသို့ အောက်ဆီဂျင်အရည်နှင့် ကာကွယ်ကုသရေးပစ္စည်းများ နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။
အောက်ဆီဂျင်အိုးများကို မြို့နယ်တိုင်းရှိ ဆေးရုံများနှင့် ပရဟိတ အဖွဲ့များသို့ ပေးပို့လျက်ရှိပြီး အောက်ဆီဂျင်အရည်ကို ဆေးရုံအချို့ရှိ ဆလင်ဒါများအတွင်းသို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းလျက် ရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုကို လွယ်ကူ မြန်ဆန်စေရန် သက်ဆိုင်ရာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ပြည်တွင်းမှအလှူရှင်များကလည်း လိုအပ်နေသော အောက်ဆီဂျင်အတွက် ထောက်ပံ့ လှူဒါန်းလျက်ရှိကာ UMFCCI နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းချုပ်တို့က နည်းပညာပိုင်း ဆိုင်ရာနှင့် အောက်ဆီဂျင်ရရှိရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငြိမ်းသူ