Skip to main content

ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)–(၁၉၂၉ - ၂၀၂၁) အမျိုးသားစာပေ တစ်သက်တာဆုရှင်နှင့် ရှေးဟောင်းစာပေပညာရှင်

၂၀၁၉ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာ၊ စာကြည့်တိုက်ပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၂ နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။

ဆရာကြီးသည် မိမိဘဝတစ်သက်တာလုံး သုတေသနပြုခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး စာကြည့်တိုက်ပညာရှင်အဖြစ်ဖြင့် မြန်မာစာပေ ဖွံ့ဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ အထူးသဖြင့် တိမ်မြုပ်နေသည့် မြန်မာ့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစာပေများကို သုတေသနပြု ရေးသားခဲ့သူဖြစ်သည်။

ဆရာကြီးကို မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ နွားတဲရွာ၌ အဖ ဦးဖိုး၊ အမိ ဒေါ်ဂေါက်တို့မှ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မွေးဖွားသည်။ ၁၉၃၅ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ နွားတဲရွာ ဘုန်းကြီးကျောင်း၊ ဇဂျမ်းရွာအလယ်တန်းကျောင်း၊ တောင်သာ မြို့ အထက်တန်းကျောင်းများတွင် အလယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ ကဗျာစာဆိုကြီး တင်မိုး၊ နိုင်ငံတော်သံဃမဟာ  နာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးတို့နှင့် ကျောင်းနေဖက်လည်း  ဖြစ်သည်။ သတ္တမတန်း   အောင်မြင်ပြီးချိန်တွင်  ဒုတိယကမ္ဘာစစ်ဘေးကြောင့်   ကျောင်းများ ပိတ်သွားသည်။ ထို့ကြောင့်   မင်္ဂလာမှန်ကျောင်း ဆရာတော် ဦးနန္ဒဝံသထံတွင် ရှင်သာမဏေဝတ်ပြီး သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပါတိမောက်   စသောပါဠိပိဋကတ် စာပေများကို သင်ယူခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း နွားတဲရွာ မှန်ကျောင်းတွင် သာမဏေဝတ်ဖြင့် လောကုတ္တရာ စာပေများ သင်ကြားခဲ့ပြီး အစိုးရပထမပြန်၊ အငယ်တန်းနှင့် အလတ်တန်းအောင်မြင်ခဲ့သည်။ ထို့နောက် ရဟန်းဝတ်ဖြင့် မန္တလေးမိုးကောင်းတိုက်၊ ဘုရားကြီးတိုက်၊ တောင်သမန်တိုက်နှင့် မြဝတီတိုက်များ၌ ပညာဆက်လက်သင်ကြားကာ ၁၉၅၀ ပြည့်နှစ်တွင် ပထမကြီး၊ ၁၉၅၄ ခုနှစ်တွင် အစိုးရဓမ္မာစရိယနှင့် ၁၉၅၉ ခုနှစ်တွင် သကျသီဟဓမ္မာစရိယဘွဲ့များ ရရှိ သည်။ ၁၉၆၆ ခုနှစ်တွင် ရဟန်းဝတ်ဖြင့် မန္တလေးမြို့၊ ပွဲကုန်းရပ် လှသိပ္ပံအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ထို့နောက် လူဝတ်လဲကာ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၁၉၇၀ ပြည့်နှစ်တွင်  မြန်မာစာအထူးပြုဖြင့်   ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

၁၉၆၇ ခုနှစ်တွင် စာပေများ စတင်ရေးသားရာ ၁၉၆၇ ခုနှစ်၊ ဇူလိုင် ၂၆ ရက်ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ၌   “အမှန်ဖြစ်စေချင်သောဖြင့် နှစ်မျိုး ဆောင်းပါးကို စတင်ပုံနှိပ် ဖော်ပြခံရ သည်။

၁၉၆၉ ခုနှစ်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဗုဒ္ဓ သာသနအဖွဲ့၊ တိပိဋက မြန်မာအဘိဓာန်ဌာန အဘိဓာန် စာပြုအဖြစ် စတင်အမှုထမ်းသည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် အချိန်ပိုင်း ဘွဲ့လွန်စာကြည့်တိုက်  ဒီပလိုမာသင်တန်း  တက်ရောက်လျက် စာကြည့်တိုက်မှူးကြီး ဦးသော်ကောင်း၏ ခေါ်ယူချက်ဖြင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၌ အလုပ်စတင်ဝင်ရောက် သည်။  ၁၉၇၅ ခုနှစ်တွင် ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာရရှိသည်။ ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်ပေ၊ ပုရပိုက်ဌာန စိတ်တွင် တာဝန်ထမ်းဆောင်ပြီး ၁၉၉၂ ခုနှစ်တွင် စာကြည့်တိုက်မှူး (၂) ရာထူးမှ အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက် သမိုင်းသုတေသန ဦးစီးဌာန ကျွမ်းကျင် ပညာရှင်၊ ရွှေတိဂုံပိဋကတ်တိုက်အကြံပေး၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာန အချိန်ပိုင်းကထိက၊  ပြင်ပစာစစ်တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ရှိ ပေ၊ ပုရ ပိုက်ဌာနစိတ်တွင်  ဆရာကြီးတာဝန်ယူလုပ်ကိုင်စဉ် များစွာတိုးတက်ခဲ့သည်။   ဌာနစတင်ဖွင့်လှစ်သည့် ၁၉၆၄ ခုနှစ်မှ ၁၉၇၁ ခုနှစ် ကာလအတွင်း ပေစာ ၁၀၀၀ နီးပါးမျှသာ ရှိခဲ့သော်လည်း ဆရာကြီးတာဝန် ယူပြီးနောက်ပိုင်းတွင် ပေ၊ ပုရပိုက် လက်ရေး စာများ ၁၆၀၀၀ ခန့်အထိ တိုးပွားလာခဲ့သည်။ ယင်းပေ၊ ပုရပိုက်များကို ဆရာကြီး တစ်ဦးတည်း ကိုင်တွယ်ဖတ်ရှုကာ တိုက်ပိုင်စာရင်းတင်သည်။ ထို့ကြောင့် ဆရာကြီးကို “မြန်မာနိုင်ငံတွင်   ပေ၊ ပုရပိုက်လက်ရေးစာ အများဆုံး ကိုင်တွယ်ဖတ်ရှုစာရင်းပြုစုသူ ဟု ဆိုရပေမည်။

တက္ကသိုလ်ပညာပဒေသာ၊ မြန်မာ့သမိုင်း သုတေသနဂျာနယ်နှင့် စာနယ်ဇင်းများတွင် စာတမ်း၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ရွှေတိဂုံသမိုင်းပျို့၊ နန်းတွင်းရာမပြဇာတ်တော်ကြီး   ၃ တွဲ၊   ကျီးသဲ လေးထပ်ဆရာတော်၏ ဓမ္မဒေသနာတရားစာ၊ ဦးယံ၏  ပိဋကတ်သုံးပုံခေါ် ပိဋကတ်သမိုင်း စာတမ်း၊ ရှင်ဝိနန္ဒာသဘ၏ သီလဝိသောဓနီကျမ်း၊ မြင်းခြံမြို့ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး   ဦးဝေပုလ္လ အရှင် ရေးသားတော်မူသော မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ၊  မဟာသမ္ပုဏ္ဏ   (သင်ပုန်းကြီး) အဋ္ဌကထာပါဋ္ဌိအနက်နှင့် ကျမ်း ၆ တွဲများကို တည်းဖြတ်ထုတ်ဝေခဲ့ပါသည်။ လုံးချင်း စာအုပ်များအဖြစ် သုတရိပ်မြုံစာရဂုံ၊ မြန်မာစာသင်ပုန်းကြီး အခြေပြ စူဠဂန္ထဝံသမြန်မာပြန်၊ သုတရိပ်မြိုင်စာဂနိုင် စာအုပ်တို့ ထုတ်ဝေခဲ့သည်။ ပခုက္ကူဦးအုံးဖေ စာမူဆု (၄)ဆု ရရှိခဲ့ပြီး ယင်းတို့မှာ မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှုအမွေပေစာ၊ ပုရပိုက်(၁၉၉၈)၊ မန်ကျည်းစေ့ ကမ္မဝါပန်းအက္ခရာ (၁၉၉၉) ပါဠိနှင့် ပိဋကတ် စာပေသမိုင်းသစ် (၂၀၀၀)၊ ရှေးခေတ်မြန်မာစာပေ ဆိုင်ရာကျမ်းများ လေ့လာမှု(၂၀၀၇) စာမူတို့ ဖြစ်ကြသည်။ ၂၀၀၈ ခုနှစ်တွင် မြင်းခြံမြို့ ဆရာကြီး ဦးဧနှင့် တိမ်မြုပ်နေသော သူ့စာပေများစာမူဖြင့် ထွန်းဖောင် ဒေးရှင်း စာမူဆုရရှိခဲ့သည်။

၁၉၇၅ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော စာကြည့်တိုက်ပညာသင်တန်းတွင် လည်းကောင်း  ပေ၊ ပုရပိုက်ဘာသာရပ်နှင့် ဗုဒ္ဓကျမ်းစာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့သည်။

၂၀၁၉   ခုနှစ်အတွက်    အမျိုးသားစာပေ တစ်သက်တာဆု (ပညာရှင်) ကို ရရှိခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဒေါ်ခင်ဝင်းနှင့် လက်ထပ် ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။

ရှေးဟောင်းစာပေပညာရှင်၊ စာကြည့်တိုက် ပညာရှင် ဆရာကြီးဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) သည် အမှတ် ၄၇၅၊ ဗဟိုလမ်း၊ ၃၅ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မိသားစု နှင့်နေထိုင်ရင်း  ၂၈-၇ -၂၀၂၁  ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဆရာကြီးကွယ်လွန်ခြင်းသည် မြန်မာ့ ရှေးဟောင်းစာပေများ၊ ပေစာပုရပိုက်စာများ ထိန်းသိမ်းဖော်ထုတ်ရေးလုပ်ငန်းအတွက် အဖိုးတန် ပညာရှင်တစ်ဦးဆုံးရှုံးရခြင်း ဖြစ်ပါသည်။

ကိုးကားစာအုပ်စာရင်း

၁။ ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု

လက်ကမ်းစာအုပ်

၂။ Phyo Thiha Kyaw ၊ Facebook

စာပေဗိမာန်