Skip to main content

ဖယ်ခုံမြို့အတွင်း ရေပေးဝေရာတွင် အသုံးပြုသည့် 100KVA Transformer ကို အကြမ်းဖက် အဖျက်အမှောင့်လုပ်ဆောင်သူများက လက်လုပ် Remote မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဩဂုတ် ၄

နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ မိုင်းထောင်ထားခြင်းများ စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ ခန့် တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ နန့်ဟူးရပ်ကွက် ဖယ်ခုံ-လွိုင်ကော် သွားကားလမ်းဘေး ရှိ ဖယ်ခုံမြို့အတွင်း ရေပေးဝေသည့်စက်ဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရေပေးဝေသည့် ရေစက်ဝင်းအတွင်း ရေပေးဝေသည့်စက်တွင် အသုံးပြုသည့် 100KVA Transformer အား အကြမ်းဖက်သူများက လက်လုပ် Remote မိုင်း ၁ လုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် 100KVA Transformer ၁ လုံး၊ ကြွေသီး ၉ လုံး၊ Transformer အထိုင်ပြုလုပ်ထားသည့် ၆ပေပတ်လည် ကွန်ကရစ်အုတ်ခုံ ၁ ခု၊ power Meter ၁ လုံး၊ အရှည် ၁၀၀ ပေခန့်ရှိ 95mm Cable ကြိုး ၁ ချောင်း၊ အရှည် ၁၆၀ ပေခန့်ရှိ 70 mm Cable ကြိုး ၁ ချောင်း၊ မိုးကြိုးလွှဲ ၁ ခု၊ ရေပေးဝေသည့် စက်ခန်း အမိုးသွပ် ၁၄ ချပ်၊ သစ်သားတံခါးရွက် ၁၂ ရွက် တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်