နေပြည်တော် သြဂုတ် ၄
ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀) ၌ တည်ဆောက်နေသည့် အောက်ဆီဂျင် အရည်မှ ဆေးရုံသုံးအောက်ဆီဂျင်ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် အောက်ဆီဂျင် စက်ရုံပြီးစီး၍ ယနေ့တွင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၄၀ လုံး စတင်စမ်းသပ် ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စက်ရုံသည် အောက်ဆီဂျင် အရည် တန် ၅၀ ဆံ့ လှောင်ကန်မှ ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးနိုင်မည့်စက်ရုံဖြစ်ပြီး ဇူလိုင် ၁၂ ရက်မှစတင်၍ ဆောက်လုပ်ရေးလုပ်သား အင်အား ၆၀ ဉီးခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စက်ရုံအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်များကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းရယူသွားမည်ဖြစ်ရာ ပြည်ပမှ မှာယူတင်သွင်းထားသည့် အောက်ဆီဂျင်အရည် ၂၅ တန် သယ်ဆောင်လာသော မော်တော်ယာဉ်သည် သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ ရောက်ရှိပြီး ဖိအားမြင့် အောက်ဆီဂျင် ကန်အတွင်းသို့ ကျွမ်းကျင်သူနည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။ ယင်းအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
လက်ရှိတွင် အဆိုပါ စက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင်ဓာတ်ငွေ့ ၄၀ လီတာဝင် အလုံး ၄၀ စတင်စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းတွင် တစ်နာရီလျှင် ၄၀ လီတာဝင် ၆၀ လုံး၊ စက်စွမ်းအားပြည့် ၈ နာရီလည်ပတ်၍ ၄ နာရီနားစနစ်ဖြင့် တစ်နေ့ ၁၆ နာရီအတွက် Medical Oxygen ဓာတ်ငွေ့ ၄၀ လီတာဝင် ၉၆၀ လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ ၎င်းတို့ကို ဆေးရုံများနှင့် ရောဂါကုသရေးစင်တာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်