နေပြည်တော် ဩဂုတ် ၄
ပြည်ပမှ ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး ၎င်းတို့နေရပ်အသီးသီးသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရေး ပို့ဆောင်ပေးရ မည်ဖြစ်ကြောင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။
လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဩဂုတ် ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ ကျား ၁၆၀ ဦး၊ မ ၁၅၈ ဦး၊ စုစုပေါင်း ၃၁၈ ဦးတို့ကို လည်းကောင်း၊ ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ ကျား ၁၃ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့ နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်