Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဩဂုတ် ၄

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံအမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံအိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို  လာအိုနိုင်ငံခြားရေးဝန်ကြီး H.E. Saleumxay Kommasith နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး H.E. Antony Blinken တို့က ပူးတွဲသဘာ ပတိများအဖြစ် တာဝန်ယူခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်လျက်ရှိခြင်းကို ကျေနပ်အားရမှုရှိကြောင်းနှင့် လာမည့်နှစ် သည် အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး (၄၅) နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ရာ လာမည့်နှစ်များတွင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်လာစေရေး မျှော်လင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ အမေရိကန်သည် အာဆီယံ၏ အရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံ၏ ဦးစီးဦးဆောင် ယန္တရားများတွင် တက်ကြွစွာပါဝင်မှုတို့တွင် အမေရိကန်၏ ပံ့ပိုးပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး သည် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေပြီး လက်ဆုပ် လက်ကိုင်ပြနိုင်သည့် ရလဒ်ကောင်းများ ရရှိရန်မျှော်မှန်းကြောင်း ဆွေးနွေးပြောကြားပြီး ရခိုင် ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ဆွေးနွေးမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက အာဆီယံ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြု ထားခဲ့ပြီးဖြစ်ကြောင်း။

ပူးပေါင်းဆောင်ရွက်မှုလို

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းအားပေးကြရန် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Dato Seri Hisshamuddin Tun Hussein နှင့် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Marise Payne တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ် -၁၉ ကူးစက် ပြန့်ပွားမှုလျော့ပါးစေရေး၊ ဒစ်ဂျစ်တယ်ပေါင်းစည်းဆက်သွယ်မှု (digital connectivity) မြှင့်တင်ရေးနှင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် အာဆီယံပေါင်းစည်းရေး ဦးဆောင် ဦးရွက်ပြုမှု အစီအစဉ် (Initiative for ASEAN Integra tion-IAI) ကို အပြည့်အဝ ဖော်ဆောင်ရေးသည် အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ပြီး ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့်စပ်လျဉ်း၍ RCEP အတည်ပြုခဲ့သည့် နိုင်ငံများ ကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း  RCEP သဘောတူညီချက် စာပိုဒ် ၂၀.၅ နှင့် ၂၀.၆ နှင့် အညီ အတည်ပြု ပါဝင်ထားကြောင်း အစည်းအဝေးသို့ အသိပေးခဲ့သည်။

အဆိုပြုချက်ကို သဘောတူလက်ခံ

ယင်းနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနိုင်ငံ ခေါင်းဆောင်များ အစည်း အဝေး၏ တူညီဆန္ဒ (၅) ချက်အရ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဩဂုတ် ၂ ရက်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ဘရူနိုင်းနိုင်ငံက မူလအဆိုပြုထားသည့် အမည်စာရင်းများကို ပြန်လည် ရုပ်သိမ်းလျက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusor ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန်ပြောင်းလဲအဆိုပြုခဲ့သည်။ ယင်း ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်ကလည်း အာဆီယံဥက္ကဋ္ဌ၏အဆိုပြုချက်ကို သဘောတူ လက်ခံကြောင်း ယနေ့အစည်းအဝေး၌ အတည်ပြုပြောကြားသည်။

အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို  ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwini နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Mr. Subrahmanyam Jaishankar တို့က ပူးတွဲသဘာတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက် တိုးမြှင့်လျက်ရှိခြင်းကို ကျေနပ်အားရကြောင်းနှင့် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများအပါအဝင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် ဘုံအကျိုးစီးပွားများအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် သွားရန် မျှော်လင့်ကြောင်း၊  ပညာရေးကဏ္ဍတွင် CLMV နိုင်ငံများအတွက် ပညာရေးသည် အလွန် အရေးကြီးကြောင်းနှင့် CLMV နိုင်ငံများမှ ကျောင်းသားများအား အိန္ဒိယနိုင်ငံ နာလန်ဒါ တက္ကသိုလ်မှ ပညာသင်ဆုများ၊ CLMV နိုင်ငံများ တွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ သင်တန်း ကျောင်းများ ထူထောင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံအိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်ဖြစ်သည့် ၂၀၂၂ ခုနှစ်အား မိတ်ဖက် ဆက်ဆံရေး နှစ်အဖြစ် သတ်မှတ်သွားရန် မျှော်လင့်ကြောင်း၊ ဒေသအတွင်း ကိုဗစ် -၁၉ စတုတ္ထလှိုင်း ဖြစ်ပေါ် လာမည့် အခြေအနေရှိသည့်အတွက် ကိုဗစ် -၁၉ တိုက်ဖျက်ရေးကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေ သို့ အမေရိကန် ဒေါ်လာ ၁ သန်း ထည့်ဝင်မှုနှင့် မြန်မာနိုင်ငံသို့ COVID Shield ကာကွယ်ဆေးများ လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အရှေ့ အာရှထိပ်သီး အစည်းအဝေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး(၂)  H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများသုံးသပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သည့် ၁၆ နှစ် တာကာလအတွင်း EAS ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လျက်ရှိသည်ကို တွေ့မြင်ရသည့် အတွက် ဝမ်းမြောက်ကြောင်းနှင့် EAS တွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အထူးသဖြင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားသည်။

အာဆီယံ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး H.E. Mahendra Siregar နှင့် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E Igor Morgulov တို့မှ ပူးတွဲ  သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက်တိုးမြှင့်လျက်ရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အာဆီယံ-ရုရှား  အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပရန် ရုရှားနိုင်ငံ၏ အဆိုပြုမှုကို ထောက်ခံ ကြောင်းနှင့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထပ်မံမြှင့်တင် နိုင်မည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်