Skip to main content

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ဥပဒေ (မူကြမ်း) အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအပေါ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို ၂၀၁၃ ခုနှစ်တွင် အတည်ပြု ချမှတ် ခဲ့ပါကြောင်း။

 အဆိုပါ စီမံကိန်းအား CEDAW ၊ ဘေဂျင်း ကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်း စီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ(၁၂)ရပ် ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ CEDAW ကွန်ဗင်းရှင်း အပိုဒ် ၂ အရ အမျိုးသမီးများအား ခွဲခြားမှုဖြစ်စေမည့် တည်ဆဲဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဓလေ့ထုံးစံများနှင့် အမူအကျင့်များကို ပြောင်းလဲရေးအတွက် ဥပဒေပြုရေးအပါအဝင် သင့်လျော် သည့် နည်းလမ်းများနှင့် ဆောင်ရွက်သွားရန် တာဝန်ရှိသည်နှင့်အညီ အမျိုးသမီးများကို အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ဥပဒေများ အတိအကျ ပြဌာန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်းကျား၊ မ တန်းတူညီမျှရေးနှင့် စွမ်းပကား တိုးမြှင့်ရန်အတွက် အကြမ်းဖက်မှုများကို လည်းလျော့ချရန် လိုအပ်သလို အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်ပေးရန်လည်း မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးအောင်ထွန်းခိုင်က ဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဘောထား မှတ်ချက်များပေါ် ဆွေးနွေးမှုများ တင်ပြခြင်းနှင့် သက်ဆိုင်ရာတာဝန်ခံမှ ပုဒ်မတစ်ခု ခြင်းစီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)