Skip to main content

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း စည်းဝေး

 

နေပြည်တော် ဩဂုတ် ၃

တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီး၏ မတူညီသော ရေမြေရာသီဥတုအခြေအနေများကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ အမယ်စုံလင်စွာ တိုးတက် ထုတ်လုပ် ပေးနိုင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးသာမက အာဟာရဓာတ်ပြည့်ဝရေးကို အထူးအာရုံစိုက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများမှ တစ်ဆင့် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် “ပါဝင်တက်ရောက်ကြသည်။ အစည်း အဝေးတွင် ဗဟို ကော်မတီအတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်း စာတွဲများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်း အကြောင်း အရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက် ကြသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ရာသီ အချိန်အမီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန်၊ အများပြည်သူကို အကျိုးပြုစေမည့် ဒေသ ဖွံ့ဖြိုးရေး၊ သာသနာရေး၊ လူမှုရေးလုပ်ငန်းများ ကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက် နိုင်ကြစေရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဒုတိယ အကြိမ်ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းအရ ဗီ ဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထား လာမှု များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထား မှတ်ချက်ဖြင့် ပြန်ကြားလာသည့်ဌာနဆိုင်ရာလုပ်ငန်း စာတွဲများ၊ မွေးမြူရေးဆိုင်ရာ၊ သာသနာရေးဆိုင်ရာ နှင့် ကျေးရွာ၊ မြို့ပြမြေဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ ၏ တင်ပြလာသည့်လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက် ၍လည်းကောင်း၊ မြေခွန် ကင်းလွတ်ခွင့်ကာလနှင့် မြေခွန်နှုန်းထားတို့အတွက် သဘောထားပြန်ကြား လာမှု ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများ၏မြေခွန်ပေးသွင်း ထားရှိမှုနှင့် မြေခွန်ပေးသွင်းရန် ကျန်ရှိမှုအခြေအနေ များကိုလည်းကောင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်