Skip to main content

ဆေးလိပ်သောက်သည့်အကျင့်နှင့်ကိုဗစ်-၁၉ ကပ်ရောဂါ

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အရွယ်ရောက်သူတိုင်း သိကြသည်။ ဆေးလိပ်သောက်နေ သူများ ကိုယ်တိုင်သည်ပင် သိသော်ငြား မလျှော့နိုင်၊ မဖြတ် နိုင်ကြ။ လတ်တလောတွင် ကျန်းမာရေးကိုသိသိသာသာထိခိုက်နေစေသည့် လက္ခဏာများ လည်း မခံစားရသေးသည့်အတွက် နောင်ခါလာ နောင်လာဈေး သဘောထားကာ သောက် လက်စကို ဆက်သောက် ကြသည်။ ဆေးလိပ်သောက်သူတစ်ဦးအဖို့ ကာလကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ထိခိုက်သည်။ ဆေးလိပ်ငွေ့ကြောင့် နှာခေါင်းတွင်းရှိ cilia ပါးလာပြီး ကြာလာ သောအခါ နှာမွှန်၊ နှာစေး အလေ့အထဖြစ်လာသည်။ ထိုမှဆက်၍ အဆုတ် ကို ထိခိုက် လာသည်။ ကိုယ်ခံအားလည်း ကျလာသည်။ နာတာရှည် အဆုတ်ပွ၊ အဆုတ်ကင်ဆာလည်း ဖြစ်နိုင်သည်။ အသက်ရှူ၍ မဂ၊အောက်ဆီဂျင်ရရှိမှုကလည်း နည်းလာသည်။ သွေးကြောကျဉ်း၊ သွေးကြောပိတ်၊ သွေးကြောနံရံများ ဖိအားများ၍ သွေးတိုးလာစေသည်။ အစာအိမ်၊ ပန်ကရိယ တို့ကိုလည်း ထိခိုက်စေသည်။ ဆေးလိပ်သောက်ခြင်းက သောက်သုံးသူအပြင်ဘေးလူကိုလည်း ထိခိုက်စေပြန်သည်။ ဆေး လိပ်ငွေ့ကလေထုကို ညစ်ညမ်းစေသည်။ လူများများ ဆေးလိပ်သောက်နေကြလျှင် ၎င်းတို့ ပတ်ဝန်းကျင်၏ လေထုကကျန်လူများကိုပါ ဒုက္ခပေးနိုင်နေပြီဖြစ်သည်။ တစ်ဆင့်ခံ ဆေးလိပ် ငွေ့ကြောင့်ဆေးလိပ်မသောက်သူများမှာ ဆေးလိပ်သောက်သူနှင့်မခြား ကျန်းမာရေးကို ဘေးသင့်စေသည်။အမျိုးသမီးများထက် အမျိုးသားများ၏ ပျမ်းမျှသက်တမ်းတိုရခြင်းမှာ ဇီဝဗေဒဆိုင်ရာ အကြောင်းအရာများထက် အမူအကျင့်များကြောင့်လည်း ပါဝင် သည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အမူအကျင့်များကို လုပ်လေ့ မရှိခြင်း၊ အရက်၊ ဆေးလိပ်တို့သောက်လေ့မရှိခြင်း၊ လက်မှန်မှန် ဆေးကြောခြင်း၊ ကျန်းမာရေးကိစ္စအတွက် ဆရာဝန်ထံသွားသည့် အလေ့အထ ပိုမိုခြင်းတို့က သက်တမ်းပို၍ ရှည်စေခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုအခါ ကိုဗစ်- ၁၉ ကပ်ရောဂါက တစ်ကမ္ဘာလုံးရှိ နိုင်ငံ အသီးသီးတို့တွင် ကူးစက်ပျံ့နှံ့ လာသည့်အခါ လူတိုင်းလူတိုင်းက ကိုဗစ်- ၁၉ ကူးစက်မခံရစေရေးအတွက် လူစုလူဝေး ရှောင်ခြင်း၊ အပြင်ထွက်တိုင်း Mask တပ်ခြင်း၊ လက်ကိုခဏခဏဆေးခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေခြင်းတို့အပြင် ကိုယ်ခံ အားကောင်းစေရေးအတွက် အာဟာရပြည့်ပြည့်ဝဝ စားသောက်ရန်၊ အိပ်ရေးဝဝအိပ်စက်အနားယူရန်၊ ရေများများသောက်ရန်၊ အရက်၊ ဆေးလိပ်တို့ ရှောင်ကြဉ်ရန်တို့ကို ကျန်းမာရေးပညာရှင်တို့က အကြံပြုထားကြသည်။ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တို့ကို တိုက်ခိုက်သည့် ရောဂါဖြစ်ပြီး နှလုံးနှင့် သွေးကြော တို့ကိုလည်းကောင်း၊ ကျောက်ကပ်တို့ကိုလည်းကောင်း ပျက်စီးစေသည့် ရောဂါဖြစ်ရာ ဆေးလိပ် သောက်သူများအနေဖြင့် အလွယ်တကူ ထိခိုက်ပျက်စီးစေမည့် အခြေအနေဖြစ်သည်။ ယမန် နှစ်က ထုတ်ပြန်ခဲ့သည့် နယူးအင်္ဂလန်ဆေးပညာဂျာနယ်၏ အစီရင်ခံစာပါအချက်အလက် များအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ဝဝဝ ကျော်ကို လေ့လာရာတွင် စိုးရိမ်ရသော အခြေ အနေရှိသူ ၁၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၁၇ ရာခိုင်နှုန်းခန့်မှာ လက်ရှိ ဆေးလိပ်သောက် နေသူများ ဖြစ်ကြောင်း၊၅ရာခိုင်နှုန်းကျော်ကျော်မှာ ယခင်ဆေးလိပ်သောက်ခဲ့ဖူးသူများဖြစ် ကြောင်း ဖော်ပြထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးဗီဇပြောင်းလဲမှုနှင့်အတူ ပို၍ပြင်းထန်၊ ပို၍ကူးစက်၊ ပို၍ အန္တရာယ်ကြီးမားလာပြီဖြစ်ရာ မိမိကိုယ်ကိုယ်ပိုမို၍ ဂရုစိုက်အသက်မွေးမြူကြရန် လိုအပ်သည်။ ကိုယ်ခံအားကောင်းသူတို့က ရောဂါအန္တရာယ်ကို ပို၍ခုခံနိုင်သည့် အလျောက် ကိုယ်ခံအား ကျဆင်းစေသည့် အမူအကျင့်၊ အလေ့အထ တို့ကို ပြုပြင်ရှောင်ကြဉ်ကြရမည်ဖြစ်ရာ ဆေးလိပ် သောက်သည့် အကျင့်ကို စွန့်လွှတ်၍ ကိုယ်ခံအားကောင်းမွန်ရေး အလေ့အကျင့် ကောင်းများဖြင့် အားမွေးနိုင်ကြပါစေကြောင်း။ ။ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်