နေပြည်တော် ဩဂုတ် ၂
(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေး အရာရှိများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု
အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိ များက စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀) နှင့် (၂၀၂၁-၂၀၂၂) တို့၏ အကောင်အထည်ဖော်မှု၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုး တိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်ရန် အတွက်လုပ်ငန်းအစီအစဉ်ရေးဆွဲရေးကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။
အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ် အမ်ဗွီနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ကုန်စည်ပြပွဲများ၊ သင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို Virtual နည်းဖြင့် ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ကျင်းပသွားရေးနှင့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်အား အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေး၌ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် အတွင်း အကောင်အထည်ဖော်ခဲ့သည့် အာဆီယံ ပေါင်းစည်းဆောင်ရွက်မှု ကနဦးလုပ်ငန်းအစီအစဉ်-၃ ပြီးစီးမှုနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်-၄ စတင်အကောင်အထည်ဖော်မှု တို့ကိုလည်းကောင်း၊ စီအယ်လ်အမ်ဗွီနိုင်ငံများ၌ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ တိုးတက်စေရေးအတွက် ဂျာမနီ နိုင်ငံအစိုးရ၏အထောက်အပံ့ဖြင့် GIZက ဆောင်ရွက် လျက်ရှိသော “အာဆီယံ စီးပွားရေးပေါင်းစည်းမှု ကနဦးအစီအစဉ်၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး မူဘောင်” စီမံချက်၏ ဆောင်ရွက်မှုတို့ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည့် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး အတွက် ပြင်ဆင်ဆောင်ရွက်မှုများကို လည်းကောင်း ညှိနှိုင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၏ (၃/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။ အစည်းအဝေးတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် Dr. May Fa'ezah Ahmad Ariffin က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ စီးပွားရေးမဏ္ဍိုင်ဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ် Mr. Satvinder Singh နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု၊ အေအီးစီ ၂၀၂၅ အကောင် အထည်ဖော်မှုအရ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု၊ အေအီးစီ ၂၀၂၅ ကာလလယ် သုံးသပ်ချက် အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များ၊ အဆင့်မြင့်စီးပွားရေးအရာရှိများ၏ လမ်းညွှန်မှု အောက်ရှိ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းများ အကောင်အထည်ဖော်မှုတင်ပြချက်များ၊ တီမောလတ်စ်နိုင်ငံက အာဆီယံသို့ ဝင်ရောက်ရန် လျှောက်ထားမှုအတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၁ခုနှစ် စက်တင်ဘာလတွင်ကျင်းပမည့် (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အတွက်ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်၊ ဩဂုတ် ၁၁ ရက်နှင့် ဩဂုတ် ၁၆ ရက်တို့တွင်ကျင်းပမည့် အာဆီယံ ကနေဒါ၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ -ဟောင်ကောင်၊ အာဆီယံ-တရုတ်၊ အာဆီယံအမေရိကန်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ရုရှား၊ အာဆီယံ-ဗြိတိန်၊ အာဆီယံ-ဆွစ်ဇာလန်၊ အာဆီယံဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန်၊ အာဆီယံ အပေါင်းသုံး(တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ အာဆီယံအီးယူ၊ အရှေ့ အာရှ အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးများသို့လည်း ဆက်လက်တက်ရောက်မည် ဖြစ်သည်။
ဆွေးနွေးညှိနှိုင်းကြမည်
အဆိုပါ အစည်းအဝေးများတွင် အာဆီယံနှင့် ဆောင်ရွက်နေသည့် လွတ်လပ်သော ကုန်သွယ်မှု ဒေသ အကောင်အထည်ဖော်မှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ်-၁၉ကပ်ရောဂါ အလွန်ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်မည့် အစီအစဉ်များကို အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်