နေပြည်တော် သြဂုတ် ၂
ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမ အကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားသည်။
ဆေးဝါးတင်သွင်းရန်အတွက် ဖွင့်လှစ်
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ ပြည်ပမှ တင်သွင်းရောက်ရှိလာသည့်ပစ္စည်း Container များကို တင်သွင်းလာသည့် ကုမ္ပဏီများမှ အမြန်ဆုံးလာရောက် ထုတ်ယူနိုင်ရန်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပိတ်ရက်မရှိ ထုတ်ပေး နိုင်ရေး၊ OSS Task Force ရန်ကုန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် Container များနှင့်ပတ်သက်၍ တင်သွင်းသည့်ကုမ္ပဏီများကို ခေါ်ယူဆွေးနွေးပြီး အမြန်ဆုံးထုတ်ယူနိုင်ရေး၊ ထုတ်ယူပြီးပစ္စည်းများကို ဈေးကွက်အတွင်းအမြန်ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သော FDA သွင်းကုန်ထောက်ခံချက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရေး၊ တင်သွင်းခြင်းဆိုင်ရာ ဖြေလျှော့ ပေးမှုများကို သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်ပေးရေး၊ ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ယခင်ကအတိုင်း ဆေးဆိုင်များသို့ တိုက်ရိုက်ပို့ဆောင် ဖြန့်ချိပေးရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအားလုံး ဖွင့်လှစ်ရောင်းချရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူးမိုးရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) နှင့် ဂိတ် (၂) တို့အား ဆေးဝါးတင်သွင်းရန်အတွက် ဖွင့်လှစ်နိုင်ပြီဖြစ်၍ အမြန်ဆုံးတင်သွင်းရေး၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ဆိပ်ကမ်းတွင် ရောက်ရှိနေသော မြန်မာ့ပဲတင်ပို့သည့် သင်္ဘောသည် သြဂုတ် ၁၂ ရက် တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဆေးဝါး၊ ဆေးပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများ ကုန်သေတ္တာ ၈၀ ခန့် တင်သွင်းနိုင်ကြောင်းတို့ကို ဆေးဝါးကုမ္ပဏီများသို့ အသိပေးသွားရန် ဆွေးနွေးကြသည်။
အဖွဲ့ဝင်များ တက်ရောက်
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်မှန်ကန်ချောမွေ့ စေရေးလုပ်ငန်းအဖွဲ့ (ရန်ကုန်)မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် Task Force မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်