Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူနှင့်တွေ့ဆုံပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ပိုမိုကောင်းမွန်အောင် ဆောင်ရွက်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာ၌ စေတနာဖြူဖြူစင်စင်ဖြင့် ပြည်သူ့အတွက်၊ ဌာနအတွက် လုပ်ဆောင်သင့်သည်များကို ဆောင်ရွက်သွားစေလိုကြောင်း၊ ယခင်ခြောက်လတာကာလ ဆောင်ရွက်ခဲ့သည့်အောင်မြင်မှုများအပေါ် မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မီဒီယာကဏ္ဍသည် အရေးကြီးသည့်အတွက် အနာဂတ်ကာလ၌ သတင်းထုတ်ပြန်ရာတွင် လျင်မြန်မှန်ကန်ပြီး ခေတ်နှင့်လျော်ညီကာ သစ်လွင်တက်ကြွနေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် အသိပေးသင့်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိအောင် အတတ်နိုင်ဆုံး နေထိုင်လုပ်ကိုင် ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးပါကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Conference Room ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးရဲတင့် က လိုအပ်သည်များကို ဖြည့်စွက်တင်ပြသည်။

ဆွေးနွေးမှာကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး ပြည်သူ စိတ်ဝင်စားမှုရှိစေရေးအတွက် အနာဂတ်ကာလ၌ သတင်းထုတ်ပြန်မှုအပါအဝင် အစီအစဉ်များအား ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ခေတ်နှင့်လျော်ညီပြီး သစ်လွင် နုပျိုသည့် တက်တက်ကြွကြွနှင့် ဂုဏ်သိက္ခာရှိသော ထုတ်လွှင့်မှုများ ဖြစ်စေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Convergence News Room, Presentation Rooms, TV Master Control Room, News Studio, NRCS, Radio Master Control Room, 9 Meter Earth Station, ဓာတ်ပြားတိုက်, On Air Rooms, Auditorium, စိန်ရတုပြခန်းနှင့် စိန်ရတုပြတိုက် ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်