နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ နိုင်ငံ့တာဝန် စတင်ယူခဲ့ရာ ယခုအခါတွင် နှစ်ဝက်ကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိုတောင်းသော ခြောက်လတာ ကာလအတွင်း နိုင်ငံရေးပယောဂမျိုးစုံ နှောင့်ယှက်ဖျက်ဆီးမှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုများကို ဖယ်ရှားရှင်းလင်းလုပ်ဆောင်ခြင်းနှင့်အတူ အုပ်ချုပ်စီမံမှု လွယ်ကူချောမွေ့ လာရသောကပ်ရောဂါဘေးမှ လျော့ပါးသက်သာ ကင်းဝေးစေရေးအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
“ထိုသို့ကြိုးပမ်းဆောင်ရွက်ရာ၌ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အဓိကအကြောင်းပြု၍ အကောင်အထည်ဖော်လျက်ရှိသည်။ အကောင်အထည်ဖော်ရသည်မှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် “ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို သွေဖည်၍ မရိုးမသား မမှန်မကန်လုပ်ဆောင်မှုများကြောင့် တပ်မတော်က နိုင်ငံတာဝန်ကို မလွှဲမရှောင်သာဘဲတာဝန်ယူဆောင်ရွက်ကာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ် ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အတိအလင်းပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ၄၂၁၊ ပုဒ်မခွဲ (ခ) အရအရေးပေါ်ကာလတစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ်ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်ခြောက်လပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ နောက်ဆုံးလုပ်ငန်းစဉ်က လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အရေးပေါ်ကာလအတွင်း စစ်မှန်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အချိန်ဇယားကို အတိအလင်း ပြောကြားသွားခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်၏တာဝန်ကို မလွှဲမရှောင်သာယူခဲ့ရသည်မှာ ပေါ်လွင်ထင်ရှားပေသည်။ တိုင်းပြည်အာဏာကို ရယူလို၍မဟုတ်ဘဲ စစ်မှန်သည့်ဒီမိုကရေစီစနစ်မှ လမ်းကြောင်းလွဲမှား နေသည်ကို တည့်မတ်ပေးခြင်းသာဖြစ်သည်။ “ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်”ဟု ခြောက်လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့သည့်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ထုတ်ဖော်ပြောကြားခဲ့သည်။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန် အခြေခံလိုအပ်ချက်သည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုများ လိုအပ်မည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးတွင် တည်ဆဲဥပဒေများအား လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝသည့် အလေ့အထကောင်းများရရှိလာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ကိုယ်ကျင့်သီလများ ပျက်ပြားမှုကို အကြောင်းပြု၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည်အဘက်ဘက် တို့တွင် ယိုယွင်းမှုများဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေအရပ်ရပ်တို့ကို လက်ပိုက် ကြည့်နေပါက မြန်မာနိုင်ငံ၏အနာဂတ်ရှေ့ခရီးသည် ရင်လေးဖွယ်ရာများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်နှောင့်ယှက်ဖျက်ဆီးမှုများ၊ စိန်ခေါ်မှုများ၊ အခက်အခဲအမျိုးမျိုးကြားမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ် ထားသောကာလအတွင်း နိုင်ငံတော်ကို ပြန်လည်တည့်မတ်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ပြီး စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေခြင်းကို ပြည်သူများအနေဖြင့် သေချာလေ့လာဆန်းစစ်၍ သိရှိနားလည်ကြပြီး နိုင်ငံတော်နှင့် အတူပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ သို့မှသာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတွင် ပြည်သူအားလုံး စိတ်နှလုံးချမ်းမြေ့စွာ ပါဝင်လျှောက်လှမ်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။