Skip to main content

အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိခြင်း၊ လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရခြင်းတို့ကြောင့် အဆိုပါရွေးကောက်ပွဲ၏ ရလဒ်များကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများသည် အခြေခံကျပြီး အရေးကြီးလှသည့်အလျောက် တရားမျှတမှုရှိရေး၊ မသမာမှုများ ကင်းစင်ရေး၊ ဟန်ပြရုပ်ပြမျှသာမဖြစ်စေရေး၊ ပြည်သူတို့၏ ဆန္ဒအစစ် အမှန်ကို ထင်ဟပ်နိုင်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြရသည်။ လွက်လပ်သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲတစ်ခုအတွက် စံနှုန်းများသတ်မှတ်ထားရာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်သည် အာဏာရပါတီနှင့် အစိုးရအဖွဲ့၏ ဩဇာလွှမ်းမိုးမှုအောက် ကျရောက်နေခဲ့ခြင်း၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တို့တွင်လည်း အာဏာရပါတီ၏ အမာခံလူများထည့်သွင်း ဖွဲ့စည်းခဲ့ပြီးရွေးကောက်ပွဲတွင် မိမိပါတီအောင်ပွဲခံရေး ဘက်လိုက်ဆောင်ရွက်ခဲ့ခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ လူထုအစည်းအဝေး ကျင်းပခြင်းတို့ကို ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကန့်သတ်တားဆီးမှုများကြောင့် အခြားပါတီများက မပြုလုပ်နိုင်ခဲ့ဘဲ အာဏာရပါတီနှင့် အစိုးရအဖွဲ့ တို့မှာ လုပ်ပိုင်ခွင့်ကို အသုံးချပြီးဆောင်ရွက်ခဲ့ကြခြင်း၊ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မဲဆွယ်ဟောပြောမှုများတွင်လည်း ရွေးကောက်ပွဲကော်မရှင်၏ ဆင်ဆာတည်းဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းစသည်ဖြင့် တရားမျှတသော ရွေးကောက်ပွဲစံနှုန်းများ ကျိုးပေါက်ခဲ့သည်။

အရေးကြီးသည့် အချက်တစ်ရပ်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ၄၉သိန်းခန့် မဲပေးခဲ့ခြင်းပင် ဖြစ်သည်။ မဲဆန္ဒရှင်များအနေဖြင့် အရည်အချင်းသတ်မှတ်ချက်များ နှင့်ပြည့်စုံမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ရာ (၁) ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ။ (၂) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ။ (၃)သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ ၏မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သူဆိုသည့် အချက်သုံးချက်နှင့် ပြည့်စုံရမည်ဖြစ်သည်။ ယင်းအတွက် ခိုင်ခိုင်မာမာပြနိုင်သည့် အထောက် အထားမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပင် ဖြစ်သည်။

ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မိမိရဲ့ ဆန္ဒအတိုင်း မဲပေးခွင့်ရရှိဖို့ ဦးစားပေးဆောင်ရွက်မှာ ဖြစ်လို့ နိုင်ငံသားစိစစ်ရေးကက်ရှိ ရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အစီရင်ခံချက်အရ ကစ်နေ့ကို ဦးရေ ၃၀၀ နှုန်းနဲ့ လုပ်ဆောင်နိုင်ရင် ၁၈ လခန့် ကြာမြင့် နိုင်ပါတယ်။ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက် လျက်ရှိပါတယ် ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ရာ နိုင်ငံသားစိစစ်ရေး ကက်ရှိရမည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် ပြည်သူအပိုင်းကရော သက်ဆိုင်ရာဌာနအပိုင်းကပါ အလေးအနက် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးအတွက် အရေးပေါ်ကာလသည် အကန့်အသက်နှင့်ဖြစ်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများမှာလည်း  အချိန်နှင့်တစ်ပြေးညီ ပြီးစီးကြရမှာဖြစ်သည်။ ပြည်သူများ၏ ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ပေါ်လာရေး၊ လွတ်လပ်သန့်ရှင်း၍ တရားမျှတသည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေများ ဖန်တီးတည်ဆောက်ရေးတို့ကို သမိုင်းပေးတာဝန်များအဖြစ် ရှုမြင်၍ အားသွန်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။