နေပြည်တော် ဩဂုတ် ၁
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ရုံးပိတ်ရက်များ တွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့်အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည်မ ဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးမည် ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့်ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ် ၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၂၂)ခု၊Test Kit (၁၅၀၀၀) အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၅) စီးဖြင့် (၉၅) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၇) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၃၀၆)ခု၊နှာခေါင်းစီး (Mask) တန်(၄၀)တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၃)ခုမှ ယာဉ်စီးရေ (၃၆) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ မှ ဩဂုတ် ၁ ရက်အထိ ယာဉ်စီးရေ(၇၈၅)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၈၂၂) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၇၅)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်ဠဂျင်စက် (Oxygen Concentrator) (၇၅၄၅၂)ခု၊ Test Kit (၃၃၇၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၄၅) တန် ၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသ ရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)