နေပြည်တော် ဇူလိုင် ၃၁
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြု သော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာအုပ်စု၊ တောနော်ရေတံခွန်အနီး မြဝတီ- ကော့ကရိတ်များ အာရှလမ်းမကြီးရှိ ကီလိုမီတာ ၁၄၉ နှင့် ၁၅၀ ကြား လမ်းဘေးတောင်နံရံမြေသားပြို ကျပြီး အများပြည်သူ သွားကားလမ်းပေါ်၌ပိတ်ဆို့နေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှင်းလင်း ဖယ်ရှားပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်း အနိမ့်ပိုင်းဖြစ်သော အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၀ စု၊ လူဦးရေ ၇၀၆ ဦးတို့အား ဇူလိုင် ၃၀ ရက်တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ ကော့ကရိတ်တပ်နယ်မှ တာဝန်ရှိသူများက ဆန်နှင့် စားသောက်ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။