နေပြည်တော် ဇူလိုင် ၂၉
ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (MCCT) နှင့် လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါ အစီအစဉ်များအတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် Online စနစ်ဖြင့် ကျင်းပ သည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ် (MCCT) အစီအစဉ် အကောင်အထည်ဖော်မှုနှင့် လူမှုရေးပင်စင် အစီအစဉ် များနှင့်ပတ်သက်ပြီး အဓိကအားဖြင့် အချက်(၂)ချက် ဆွေးနွေးလိုပါကြောင်း၊ ပထမအချက် အနေဖြင့် ထောက်ပံ့ကြေးများသက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ အဆင်ပြေစွာ ထုတ်ယူနိုင်ရေး ဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ဘဏ်ကထုတ်ယူပြီးနောက် မြေပြင်တွင် အကျိုးခံစားခွင့်ရှိသူများကို အဆင်ပြေစွာ ထောက်ပံ့မှုပြုနိုင်ရေး တို့ဖြစ်ပါကြောင်း၊ လက်ရှိ ကပ်ရောဂါကြုံတွေ့နေရချိန်တွင် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေကြေးမှာများစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည့် အတွက် အားလုံးဝိုင်းဝန်း အဖြေရှာပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစီအစဉ်များ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်ပေးမှုနှင့် ပေါင်းစပ်ညှိနှိုင်းပေးမှုမှာ များစွာအရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလိတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။
ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် (၈၇,၇၁၃)ဦး အတွက် ငွေကျပ် (၃၉၄၇ ဒသမ ၀၈၅) သန်းနှင့် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးရွယ်အို (၁၃,၂၄၅)ဦး အတွက် ငွေကျပ် (၃၉၇ ဒသမ ၃၅၀) သန်း စုစုပေါင်း အစီအစဉ် (၂)ရပ်အတွက် ထောက်ပံ့ကြေး ငွေကျပ် (၄၃၄၄ ဒသမ ၄၃၅ ) သန်းကို ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့က လက်ခံရယူကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)