နေပြည်တော်၊ ဇူလိုင် ၂၉
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၂၇ ရက်တွင် Video Conferencing ဖြင့် ကျင်းပသည်။
ဇူလိုင် ၂၈ ရက်တွင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်၊ အဆင့်မြင့်အရာရှိ ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့တို့သည် ဆွေးနွေးဖက် နိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ရုရှားနိုင်ငံတို့မှ အတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့နှင့် အစည်းအဝေးများ ဆက်လက်ကျင်းပရာ အစည်းအဝေးများသို့ မြန်မာနိုင်ငံ SOMTC ခေါင်းဆောင်၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများကို အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံနှင့်လည်းကောင်း၊ ကိုရီးယားနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ရုရှားနိုင်ငံနှင့် လည်းကောင်း သီးခြားစီကျင်းပသည်။
အစည်းအဝေးများတွင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနယ်ပယ်မှ အကြမ်းဖက်မှု ပြဿနာဖြေရှင်းရာတွင် အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်းများ၊ တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်မှု များနှင့် လက်နက်မှောင်ခိုသယ်ဆောင်မှုများတားဆီးနှိမ်နင်းရေးတွင် အာဆီယံလုပ်ငန်းစီမံချက် မူဘောင်မှ ဆွေးနွေးဖက်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ ငွေကြေး၊ နည်းပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ထောက်ပံ့ကူညီပေးမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
လာအိုနိုင်ငံ SOMTC ခေါင်းဆောင် Major General Somvanh Saylongpha နှင့် အမေရိကန်နိုင်ငံ SOMTC United States Leader, Mr. Jorgan K. Andrews တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သော အစည်းအဝေးတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်က အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်သမားများ၊ နည်းပညာ/အွန်လိုင်း အသုံးပြုခွင့် ရရှိနေခြင်းသည် အကြမ်းဖက်မှုကိုပိုမိုဆိုးရွားစေပါကြောင်း၊ သတင်းမှားများထုတ်လွှင့်၍ စည်းရုံးလှုံ့ဆော်နေမှု များကြောင့် ပြည်သူများစိုးရိမ်ကြောက်လန့်မှု ပိုမိုမြင့်မားလာပြီး တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပါကြောင်း၊ အကြမ်းဖက်သမားများ၊ ရာဇဝတ်မှုကျူးလွန်သည့် တရားခံပြေးများနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှု၊ တရားခံလွှဲပြောင်းပေးမှုနှင့် တရားစီရင်ရေး အတွက် သက်သေခံပစ္စည်းများ လွှဲပြောင်းပေးခြင်းတို့ကို နိုင်ငံများ၏ ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အကြမ်းဖက်သမားများနှင့် ရာဇဝတ်မှု ကျူးလွန်သူများကို ထောက်ပံ့ကူညီမှုနှင့် လွတ်မြောက်ခွင့်၊ ခိုအောင်းခွင့်ပေးထားခြင်းများကို ထိရောက်စွာ တားဆီး ပေးစေလိုပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးနယ်ပယ်တွင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တည်ဆဲဥပဒေနှင့်အညီ MoU လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း ဆွေးနွေးသည်။
ဇူလိုင် ၂၉ ရက်တွင် တတိယနေ့အစည်းအဝေးများ ဆက်လက်ကျင်းပရာ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဥရောပသမဂ္ဂ (EU) နှင့် အစည်းအဝေးများကို သီးခြားစီ ပြုလုပ်ခဲ့သည်။
SOMTC နှင့် Canada အစည်းအဝေးကို မြန်မာနိုင်ငံမှ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင် နှင့် ကနေဒါနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ကမ္ဘာလုံးဆိုင်ရာ မှုခင်းတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်မှုအစီအစဉ် ညွှန်ကြားရေးမှူး Ms. Christine Constantin တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးတွင် ဖြစ်နိုင်ချေရှိသော လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ASEAN-Canada လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၂ ၏ နောက်ဆုံးအခြေအနေ၊ စီမံကိန်းလုပ်ငန်းစဉ်အသစ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား၍ အကြံပြု ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် မှတ်တမ်းတင်ခဲ့ကြသည်။
ဆက်လက်၍ စင်္ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည့် SOMTC နှင့် EU ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်က အစွန်း ရောက်အကြမ်းဖက်သမားများအတွက် လုံခြုံစိတ်ချရသော ခိုလှုံရာနယ်မြေဖြစ်လာမည့် ဆိုက်ဘာမှုခင်းနှင့်ပတ်သက်၍ နည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် နိုင်ရေးလုပ်ငန်းစဉ်များ ကို SOMTC နှင့် EU လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၄ တွင် ထည့်သွင်းပေးနိုင် ပါရန်နှင့် နိုင်ငံများ၏ ပကတိအခြေအနေမှန်နှင့် သတင်းအမှန်များကို သိရှိပြီး ရပ်တည်ဆောင်ရွက် ပေးနိုင်ပါရန် အကြံပြုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ယခုအစည်းအဝေးများတွင် ဆွေးနွေးခဲ့သည်များကို အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးသို့ ဆက်လက်တင်ပြအတည်ပြုခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
