နေပြည်တော် ဇူလိုင် ၂၉
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) အဆင့်မြင့် အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) နောက်ဆုံးနေ့ကို ယမန်နေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စား လှယ်များတက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန်ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (the 6th ASEANSAI Summit) ကျင်းပမည့်နေ့ရက်ကို လာမည့် (၂) နှစ်တာကာလအတွင်း ဉက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အဆိုပြုရာ အဖွဲ့ဝင်နိုင်ငံများက အတည်ပြုခဲ့ကြသည်။
ဆက်လက်၍ လာမည့် (၂) နှစ်တာကာလတွင် အဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် စာရင်းစစ်ချုပ်ရုံးနှင့် ကော်မတီအသီးသီး၏ ဉက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် စာရင်းစစ်ချုပ်ရုံးများ ခန့်အပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများက ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ၂၀၂၀ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းများ (မူကြမ်း)၊ အဆိုပါဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးရန်အတွက် စာရင်းစစ်ခန့်အပ်ခြင်း၊ လာမည့် (၂) နှစ် တာကာလအတွက် ဘတ်ဂျက်လျာထားချက်၊ အာဆီယံနိုင်ငံများအကြား ပြည်သူပိုင်ကဏ္ဍ စာရင်းစစ်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများ (International Standards of Supreme Audit Institutions: ISSAI) နှင့်အညီ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှု စစ်ဆေးခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီလျက်ရှိသည့် ဆွီဒင်နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကနဉီး ဆောင်ရွက်မှုအဖွဲ့ (INTOSAI Development Initiative : IDI)၊ ဉရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ စသည့် မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ASEANSAI ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အကြိုအစည်းအဝေးကို ဆက်လက် ကျင်းပရာ အခမ်းအနားတွင် မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး Dr. Sayed Alwee က အဖွင့်အမှာစကားပြောကြားပြီး မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ Principle Assistant Director ဖြစ်သူ Mrs. Azizah Daud က ASEANSAI ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံများနှင့် အကြံပြုချက်များကို မျှဝေပေးခဲ့သည်။
ဆက်လက်၍ အဖွဲ့၏ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများက ဉက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် စာရင်းစစ်ချုပ်ရုံးများနှင့် အတွင်းရေးမှူးရုံးတို့၏ အခန်းကဏ္ဍ နှင့်တာဝန်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့် ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များက အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက် အစည်းအဝေးအတွင်း အရှေ့တောင် အာရှနိုင်ငံ များ ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပမည့် နေ့ရက်၊ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက သဘောတူခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)