နေပြည်တော်၊ ဇူလိုင် ၂၈
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီး သည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၆၆ ဦး စုစုပေါင်း ၁၆၁ ဦးအားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၈ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၀၁ ဦးနှင့် အမျိုးသမီး ၁၇၈ ဦး စုစုပေါင်း ၃၇၉ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၅၅ ဦး နှင့် အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၇၉ ဦးအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ နယ်မြေခံသင်တန်းကျောင်းနှင့် တပ်နယ်အားကစားခန်းမတို့၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၈ ဦးအား လည်းကောင်း အသီးသီးလက်ခံထားရှိ ကြောင်း သိရှိရသည်။ အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော သံဃာ တော်များသီးသန့်ထားရှိရန် ကုသရေးစင်တာဖွင့်လှစ်ပြင်ဆင်နေမှုများကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများကသွားရောက် ကြည့်ရှုကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအားအသုံးပြုရန် Oxygen Concentrator အလုံး ၅၀ အားလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်