နေပြည်တော် ဇူလိုင် ၂၈
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) ၏ (၆) ကြိမ်မြောက်ထိပ်သီးအစည်းအဝေး (the 6th ASEANSAI Summit) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ASEANSAI အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) ကို ယနေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ကိုယ်စား လှယ်များ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင် ၍ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေပြည် တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေး၌ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E. Datuk Nik Azman bin Nik Abdul Majid က စတင်ဖွဲ့စည်းသည့် ကာလမှစ၍ ၁၀ နှစ်တာကာလ အတွင်း အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင် နိုင်ခဲ့ပြီး အရေးပါသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးဖြေရှင်း၍ အဖွဲ့၏ရည်မှန်း ချက်များ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှေ့လာမည့် ကာလများတွင်လည်း တက်ကြွ စွာပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဖွဲ့အတွင်းရေးမှူးရုံး၏ Head of ASEANSAI Secretariat ဖြစ်သူ Mr. Bahtiar Arif က နှုတ်ခွန်းဆက်စကားပြောကြားပြီး သဘာပတိအဖြစ် ဆက်လက်ဆောင်ရွက် သည်။ အစည်းအဝေးတွင် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများပြင်ဆင်ချက် (မူကြမ်း) ၊ အဖွဲ့၏ မဟာဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅)နှင့် အသိပညာမျှဝေရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့၏ ကော်မတီများဖြစ်သည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း များကော်မတီ၊ မဟာဗျူဟာစီမံကိန်းကော်မတီ၊ လေ့ကျင့်သင်ကြားရေးကော်မတီ၊ အသိ ပညာမျှဝေရေးကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် အတွင်းရေးမှူးရုံးတို့၏ ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် လုပ်ငန်းစီမံချက်(မူကြမ်း)နှင့် အဖွဲ့၏ ဥပဒေရေးရာ ဆောင်ရွက် နိုင်မှုအပေါ် စိစစ် လေ့လာမှုတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံအသီးသီး မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ အဆင့်မြင့် အရာရှိ ကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး၊ ဒုတိယနေ့ကို ဇူလိုင် ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ယနေ့ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့ အဆင့်မြင့်အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အထောက်အကူပြုအစည်းအဝေးတို့ကို ယမန်နေ့ ကလည်း မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)