နေပြည်တော် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ သည် အလှူရှင်များ လှူဒါန်းထားသော အောက် ဆီဂျင်ထုတ်လုပ်သည့်စက်သစ်တပ်ဆင်ထားမှုအခြေ အနေနှင့်ကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအား နေရာချထားပေးမည့် အိပ်ဆောင်များ တွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင် ဆောင်ရွက်ထားသည့် လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး Lambo Disinfecting Services co.Ltd မှ ဒေါ်တွယ်တာနိုင်မှ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများတွင် အသုံးပြုနိုင်ရန်ကိုဗစ်၁၉ ရောဂါ ပိုးသတ်ဆေးရည်နှင့် ဆေးပုံးများကို လှူဒါန်းရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများသည် ရန်ကင်းကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၀၀ ခန့် စောင့်ရှောက်ကုသနိုင်ရေး အိပ်ရာခုတင်ပြင်ဆင်မှုများ၊ ထရန်စဖေါ်မာတပ်ဆင်မှုနှင့် ယာယီဓာတ် လှေကားတပ်ဆင်ရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်မြို့တော်ဝန်တို့သည် ရေဝေးသုသာန်၌ အသစ်တည်ဆောက်နေသည့် မီးသင်္ဂြိုဟ်စက် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်